ကနေဒါနှင့်အိန္ဒိယ ကန်ဒေါ်လာ ၁ ဘီလီယံတန် ရင်းနှီးမြှုပ်နှံမှု သဘောတူလက်မှတ်ထိုး

ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုဟာ ကနေဒါနဲ့ အိန္ဒိယအစိုးရကြား အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ အိန္ဒိယနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ကနေဒါဝန်ကြီးချုပ်က သူ့နိုင်ငံအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အိန္ဒိယနည်းပညာ ကုမ္ပဏီတွေကို ကတိပေးကြောင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကတိပြုလိုက်ပါတယ်။ အာရှရဲ့ တတိယအကြီးဆုံး စီးပွားရေးနိုင်ငံ အိန္ဒိယကို ၈ ရက်ကြာ အလည်အပတ် ခရီးအတွင်း ဆက်ဆံရေး အားဖြည့်ဖို့ အစိုးရတရပ်လုံး ချဉ်းကပ်မှုမှသည် တနိုင်ငံလုံး ချဉ်းကပ်မှုထိ ပြောင်းဖို့ လိုအပ်တယ်လို့ ထရူဒိုက ပြောပါတယ်။ နယူးဒေလီမြို့တော်က အိန္ဒိယ ကနေဒါ စီးပွားရေး အစည်းအဝေးအတွင်း ခုလို ပြောလိုက်တာပါ။ တခ် မဟင်ဒြာ၊ အင်ဖိုးစစ်နဲ့ တာတာ အကြံပေးဌာနတွေ အပါအဝင် အိန္ဒိယကုမ္ပဏီ အတော်များများက ကနေဒါမှာ အကြီးစား ရင်းနှီးမြှုပ်နှံမယ်လို့ အရင်ရက်က ကြေညာခဲ့ကြတယ်။ စုစုပေါင်းအနေနဲ့ ဒီသီတင်းပတ် ခရီးစဉ်မှာ ကနေဒါနဲ့ အိန္ဒိယကြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး ဖြစ်ထွန်းခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ အိန္ဒိယ အစိုးရဘက်က ကိန်းဂဏန်းတွေအရ နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်ရေးဟာ ၂၀၁၀ ကထက်စာရင် ၂၀၁၆ ခုနှစ်မှာ ၂ ဆနီးပါး တိုးလာပြီး အမေရိကန် ဒေါ်လာ ၆.၀၅ ဘီလီယံဖိုးထိ တိုးလာခဲ့ပါတယ်။ ထရူဒိုဟာ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာမိုဒီနဲ့လည်း ဖေဖော်ဝါရီ ၂၃ ရက်နေ့ တွေ့ဆုံမှာပါ။ ကာကွယ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ စီးပွားရေး မိတ်ဖက် သဘောတူညီချက်တွေကို ဆွေးနွေးကြဖို့ မျှော်လင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up