သမိုင်းဝင် ရွှေနန်းတော်ကျောင်းကြီး ပြိုကျမည့် အန္တရာယ်ရှိနေ
DVB
·
February 23, 2018
မန္တလေးမြို့က သမိုင်းဝင် ရွှေနန်းတော်ကျောင်းကြီးကို လာရောက်တဲ့ ဧည့်သည်များ လာတာကြောင့် တောင်ဘက် ၀ရန်တာအခြေ တိုင်လုံးတွေ လှုပ်ခေတ်မူရှိလာနေတယ်လို့ ကမ္ဘာ့ရှေးဟောင်းအအုံများ ထိန်းသိမ်းရေးရန်ပုံငွေ (WMF) အဖွဲ့ စီမံကိန်းအတွင်းက သိရပါတယ်။
“မနေ့ညနေကပေါ့။ ညနေခင်း ဖြတ်လျှောက်သွားတဲ့အချိန် တိုင်က လှုပ်နေတာကို တွေ့ရတယ်။ ၀ရန်တာတ၀က်နီးပါး အပြည့်လျှောက်သလို ဖြစ်နေတာ၊ အဲလိုအချိန်မှာ J08 က သစ်သားတိုင်မှာ နတ်တချောင်းတည်းရှိတာ၊ သံအလေးချိန်များတော့ သံတိုင်ကွေးပြီး နိမ့်နိမ့်လာတာ” လို့ ရွှေနန်းတော် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ စီမံကိန်းအတွင်းက တွေ့ရှိချက်တွေကို ပြောပါတယ်။
ရွှေနန်းတော်ကျောင်းလို့ ခေါ်တဲ့ ရွှေကျောင်းကြီးတောင်ဘက်က ၀ရန်တာဟာ ပြိုကျဖို့အတွက် အန္တရာယ်ရှိနေပြီဖြစ်ပါတယ်။ တိုင်နံပါတ် J08 နဲ့ J10 ဟာ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ အလေးချိန်ကို ကြာကြာထိန်းသိမ်းဖို့ ခံနိုင်ရည်မရှိဘူးလို့ စီမံကိန်းဒါရိုက်တာ ဂျက်(ဖ်)အယ်လန်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေးဟောင်းသုတေသနဌာနကို စာတင်ထားတယ်လို့ ပြောပါတယ်။
မန္တလေးတိုင်းက ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနကို သွားရောက်မေးမြန်းရာမှာ ၀န်ကြီးဌာနကို တင်ပြထားစဲဖြစ်တာကြောင့် ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ချက်မချသေးဘူးလို့ ပြုပြင်ထိန်းသိမ်းရေးဌာန တာဝန်ရှိသူကပြောပါတယ်။
နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်တဲ့ ရွှေကျောင်းကြီးကို နေ့စဉ် ပြည်တွင်းပြည်ပ ဧည့်သည်တွေ အယောက် ၅၀၀ ကျော် လာရောက်တာရှိပြီး အခါကြီးရက်ကြီးနဲ့ ခရီးသွားရာသီချိန်မှာ ဧည့်သည်တစ်ထောင်လောက် လာရောက်တာရှိတယ်လို့ ရွှေကျောင်းကြီး ၀င်ကြေးကောက်ခံတဲ့ ဌာနက သိရပါတယ်။
ရွှေကျောင်းတော်ကြီး ရေရှည်ထိန်းသိမ်းနိုင်ဖို့ ကျောင်းကြီးအပေါ်ထပ် တက်ရောက်လေ့လာရာမှာ နေ့စဉ်လူဦးရေ အကန့်သတ်နဲ့သာ ၀င်ရောက်သင့်တယ်လို့ မြန်မာမှုနှင့်ရှေးဟောင်းသုတေသန ပညာရှင်တချို့က မှတ်ချက်ပြုပြောပါတယ်။
ရွှေကျောင်းကြီးထိန်းသိမ်းပြုပြင်ဖို့အတွက် သာသနာရေးနဲ့ ယဉ်ကျေးမူဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်တို့ရဲ့ ပံ့ပိုးမူနဲ့ WMF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ-တာရာ