Home
မြန်မာသတင်း
ရန်ကုန်မြို့တော်ဝန်ကို တိုက်ရိုက်ရွေးချယ်တင်မြှောက်ရန် အပါအဝင် ၁၆ ချက် သဘောတူ
DVB
·
February 23, 2018
ရန်ကုန်မြို့တော်ဝန်ကို ပြည်သူက တိုက်ရိုက်ရွေးချယ်တင်မြှောက်ဖို့ အပါအဝင် အချက် ၁၆ ချက်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးရွေးကောက်ပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကနေ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းထဲမှာပါတဲ့ စည်ပင်သာယာရေး ကော်မတီများ ရွေးကောက်ပွဲဆိုင်ရာနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Summit Park View Hotel မှာ ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်ရာမှာ သဘောတူညီမှု ရခဲ့တာပါ။ သဘောတူညီချက် ၁၆ ချက်ထဲမှာ ရန်ကုန်မြို့တော်ဝန်ကို ပြည်သူက တိုက်ရိုက်ရွေးချယ် တင်မြှောက်ရမယ်၊ မြို့တော်ဝန်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် မဖြစ်စေရ၊ ကော်မတီဖွဲ့စည်းပုံမှာ ဒုမြို့တော်ဝန်ရာထူးကို ထည့်သွင်းဖွဲ့စည်းပြီး သူ့ကို ရွေးကောက်ခံ ကော်မတီဝင်တွေထဲမှ ခန့်အပ်ရမယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် ပြည်သူတွေ ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ကော်မတီဝင်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းနိုင်ခွင့် အခွင့်အရေးကို ဥပဒေထဲမှာ တိတိကျကျ ဖော်ပြပေးရမယ်၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းပေးရမယ်လို့လည်း ဆိုပါတယ်။ ဒီသဘောတူညီချက်တွေကို  လာမယ့် ဖေဖော်ဝါရီ ၂၆ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ထည့်သွင်းဆွေးနွေးနိုင်ဖို့ ပေးပို့သွားမယ်လို့ စည်ပင်ဥပဒေများဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း ပူးပေါင်းရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ အင်စတီကျုရဲ့ မြန်မာပါတီစုံဒီမိုကရေစီ အစီအစဉ် (DIPD)၊ Democracy Reporting International (DRI) နဲ့ စည်ပင်သာယာရေးဥပဒေဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းအဖွဲ့တို့ကနေ ပူးပေါင်းပြီး ကျင်းပတာပါ။ ဆွေးနွေးပွဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို တက်ရောက်လာတဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းက ပညာရှင်တွေနဲ့ ရှေ့နေတွေ၊ ဥပဒေပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ စည်ပင်ဥပဒေများဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ပူးပေါင်းရေးအဖွဲ့ကို ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024