ကိုလံဘီယာ စတိုးဆိုင်များတွင် လုယက်မှု ပိုတိုးလာ၊ လုံခြုံရေး တိုးမြှင့်

ဓာတ်ပုံ - ရိုက်တာ
ကိုလံဘီယာနိုင်ငံမှာ စတိုးဆိုင်တွေအတွင်း လုယက်မှု ပိုတိုးလာတဲ့အတွက် လုံခြုံရေး တိုးမြှင့်ထားရပါတယ်။ ကိုလံဘီယာနိုင်ငံအတွင်း မြို့တော် ဘိုကိုတာနဲ့ တခြားမြို့တွေက ဆိုင်တွေကို ဒုတိယမြောက်နေ့အဖြစ် လုယက်နေတာပါ။ ဒါကြောင့် ဖြိုခွဲဖို့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ပြီး ကင်းလှည့်မှု တိုးလုပ်နေရတယ်လို့ ကိုလံဘီယာ ရဲမှူးကြီး ကားလော့စ် အကော့စ်တာက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ လူရမ်းကားတွေဟာ ဘိုကိုတာ အားကစားကုန်စည်စတိုးနဲ့ လျှပ်စစ်ပစ္စည်း စတိုးဆိုင်တွေကို ချိုးဖျက်ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၆ နှောင်းပိုင်း ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ချိန်က ဖားသူပုန်တွေရဲ့ ပိုင်ဆိုင်မှုအဖြစ် မကြေညာတဲ့ အိမ်တွေ၊ မွေးမြူရေး တိရစ္ဆာန်တွေ၊ စီးပွားရေး ကုမ္ပဏီတွေနဲ့ စူပါမားကက် ဆိုင် ၆၀ လောက်ကို သိမ်းဆည်းမယ်လို့ ထိပ်တန်း လွှတ်တော်အမတ် နှစ်ယောက်က ပြောအပြီး နှစ်ရက်အကြာမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တာပါ။ ဖားသူပုန် ခေါင်းဆောင်ဟောင်းတွေကတော့ စူပါမားကက် လုပ်ငန်းခွဲတွေနဲ့ ပတ်သက်မှု မရှိဘူးလို့ ငြင်းပြီး စွပ်စွဲမှုတွေကိုလည်း သတင်းအတုတွေလို့ ပြောပါတယ်။ လူရမ်းကားတွေက အဲဒီ စူပါမားကက်တွေထဲကို ဝင်ဖို့ကြိုးစားပြီး မရတဲ့အခါ အနားက ဆိုင်တွေထဲကို ဝင်ခဲ့ကြတာပါ။ ကိုလံဘီယာ ပြည်တွင်းစစ်အတွင်း ဖားသူပုန်တွေဟာ မူးယစ်ကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနဲ့ လုယက်မှုတွေကနေ ငွေအတော်အသင့် စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ငွေတွေ ဝှက်ထားတယ်ဆိုတဲ့ အချက်ကို အမြဲငြင်းခဲ့ပါတယ်။ သူတို့ ရပ်တည်ရေးနဲ့ လက်နက်တွေအတွက် သုံးလို့ ငွေအားလုံးနီးပါး ကုန်ပြီလို့ ပြောပါတယ်။ ကိုလံဘီယာအစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရအပြီးမှာ ဖားသူပုန်ဟောင်းတွေဟာ မာ့က်စ်ဝါဒီ နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up