Home
မြန်မာသတင်း
ကျွန်းကြီးကျွန်းတွင် အပန်းဖြေနိုင်ရန် မြေယာလျှောက်ထားမှုများ ရှိနေ
DVB
·
February 22, 2018
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကော့လှိုင်ကျေးရွာအုပ်စုအပိုင် ကပ္ပလီပင်လယ်ပြင်ထဲမှာရှိတဲ့ ကျွန်းကြီးကျွန်းမှာ သာသနိက အဆောက်အဦတွေနဲ့ အများသူငှာ လေ့လာအပန်းဖြေနိုင်ဖို့ အတွက် မြေယာလျှောက်ထားတာတွေ ရှိနေပါတယ်။ ဧရိယာဧက ၂၉၀ ဧကရှိတဲ့ အဲဒီကျွန်းကြီးကျွန်းမှာ ပြည်တွင်း ပြည်ပ ခရီးသွားတွေ လာရောက်လည်ပတ်သူများပြားတဲ့ ကဗျာဝကမ်းခြေနဲ့ ရေမိုင် ၄ မိုင်ခန့်၊ အစင်ကျေးရွာအုပ်စု၊ အနောက်ပင်လယ်ဝနဲ့ ရေမိုင် ၆ မိုင်ကျော်ခန့် ကွာဝေးပြီး အရင်ကာလတွေက လူနေထိုင်မှုရှိခဲ့ပါတယ်။ အခုခါ ဒီကျွန်းကြီးပေါ်မှာ သာသနာပြုလုပ်ငန်းတွေဆောင်ရွက်ဖို့နဲ့  ဒေသဖွံ့ဖြိုးရေးအတွက် အဆောက်အဦတွေဆောက်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ လျှောက်ထားခဲ့တာဖြစ်တယ်လို့ အဲဒီကျွန်းဧရိယာမှာ ဧက ၆၀ လျှောက်ထားသူ ကိုရင်လေး ဆရာတော်လို့ လူသိများတဲ့  ကျိုက်ဒေတမော့ဗရတ် သာသနာပြုဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မကိုယ်စား ဦးဆောင်လျှောက်ထားတဲ့ ဦးမွန်စိန်အောင်က ပြောပါတယ်။ “လျှောက်ထားမြေပေါ်မှာ ဘုရားတဆူ အပါအဝင် သာသနိကအဆောက်အဦတွေ ဆောက်လုပ်သွားမယ်၊ ဝေယျာဝစ္စတွေ ဆောင်ရွက်နိုင်ဖို့ အိမ်ထောင်စုတချို့ကို နေရာချထားပေးမယ်၊၊ စီမံအုပ်ချုပ်ရေးဆိုင်ရာအတွက် လိုအပ်မယ့် အဆောက်အဦတွေကိုလည်း ဆောက်ခွင့်ပေးမယ်လို့လည်းဆိုပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ပင်လယ်ပြင်ထွက်မယ့် လှေတွေအတွက် ချက်ပွိုင့်လိုဟာမျိုး၊ ခေတ္တနားခိုစရာ ဆိပ်ကမ်းလိုမျိုးနေရာတွေ ဖန်တီးဖို့လည်း ရှိပါတယ်။ ကျွန်းကြီးကို အများသူငှာ အလွယ်တကူ လာရောက် လေ့လာအပန်းဖြေ နားခိုနိုင်အောင် ဖွံဖြိုးလာအောင်နဲ့ ဆက်စပ်တဲ့ ကဗျာဝ၊ အနောက်ပင်လယ်ဝ၊ ဘုရားတောင်း ကမ်းခြေ စတဲ့ ကမ်းခြေတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ဆက်သွယ်ဆောင်ရွက်မယ့် အစီအစဉ်တွေ လည်း ပါပါတယ်” မြေနေရာ လျှောက်ထားမှုအတွက် အသုံးပြုခွင့် ပြုသင့်၊ မပြုသင့် ကန့်ကွက်လိုသူတွေ ရှိပါကလည်း မတ်လ ၁၆ ရက်နေ့ နောက်ဆုံးထားကာ ကန့်ကွက်နိုင်ကြောင်း ရေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီကျွန်းကြီးကျွန်းကို ရေးမြို့အခြေစိုက် လုပ်ငန်းရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ရန်ကုန် အခြေစိုက်ကုမ္ပဏီတခုတို့ကလည်း လျှောက်ထားမှုတွေ ရှိနေပြီး မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့အတွက် လျှောက်ထား ရယူလိုသူတွေ ပိုများပြားလာကြောင်းလည်း ရေးမြို့အခြေစိုက် လူမှုရေးအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက မှတ်ချက်ပြုပါတယ်။ “ဆရာတော်ရဲ့စိတ်ကူးက ဒေသဖွံ့ဖြိုးဖို့အတွက်ပါ။ ထိုင်းနဲ့ ရေးလမ်းကြောင်းတွေဖြစ်တဲ့ ဘုရားသုံးဆူလမ်းကြောင်း၊ တခြားဝင်ပေါက် လမ်းကြောင်းတွေကနေတဆင့် တရားဝင် အလွယ်တကူ ဝင်ရောက်လည်ပတ်နိုင်မယ်ဆိုလို့ရှိရင် နေ့ချင်းပြန် တညအိပ် ထိုင်းနိုင်ငံက ခရီးသွားတွေ အများကြီး လည်ပတ်ဖို့ အလားအလာတွေ ရှိနေတယ်။ ဒေသခံတွေအနေနဲ့ ဖွံ့ဖြိုး တိုးတက်လာမှုနဲ့အတူ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး၊ ဝင်ငွေအခွင့်အလမ်း ပိုမို ရရှိစေရေးတို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်” သဘာဝအတိုင်း တည်ရှိနေတဲ့ ကမ်းခြေတွေနဲ့ တောတောင်ရေမြေသဘာဝ အလှအပကြောင့် လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကတည်းကပင် ကဗျာဝကမ်းခြေနဲ့ ပတ်ဝန်းကျင် ကမ်းခြေတွေရှိ မြေနေရာတွေကို လုပ်ငန်းရှင်တွေက ဝယ်ယူရင်းနှီးမြှုပ်နှံနေပြီး အခုအခါ ကမ်းခြေ ဝန်းကျင်ရှိ မြေနေရာတွေမှာ ၁ ဧကကို ငွေကျပ် သိန်း ၁၀၀ ကျော်ခန့်အထိ ဖြစ်နေပြီလို့လည်း သိရှိရပါတယ်။ သတင်း - ဝင်းနိုင်သက်၊ ဓာတ်ပုံ - ကျွန်းကြီးကျွန်းပတ်ဝန်းကျင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024