Home
မြန်မာသတင်း
သာယာဝတီမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ မဲမသမာမှုရှိသဖြင့် ကန့်ကွက်
DVB
·
February 22, 2018
  ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီမြို့နယ် မြောက်ပန်းဆွဲကျေးရွာအုပ်စုတွင်း အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ မမှန်မကန်ရွေးချယ်ခဲ့တယ်ဆိုပြီး မကျေနပ်တဲ့ ရွာသား ၂၀၀ ကျော်က လက်မှတ်ထိုးတိုင်ကြားထားပေမယ့်လည်း ထူးခြားမှုမရှိတဲ့အတွက် ဖေဖော်ဝါရီ ၂၁ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဦးဆောင်တိုင်ကြားသူ ကြီးကြပ်ရေးမှူးဦးခင်ထွေးက "ရွေးတဲ့နေ့ကလည်း ကျနော်မရှိဘူး။ ခရီးသွားနေတာပြန်လာတော့ အုပ်ချုပ်ရေးမှူးရွေးပြီး သွားပြီ။ မဲမသာမာတာတွေရှိလို့ မကျေနပ်ဘူး ဆိုလာပြောတော့ အားလုံးနဲ့တိုင်ပင်ပြီး မြို့နယ်ကို လက်မှတ်ထိုးတိုင်တယ်။ မြို့နယ်စည်ပင် သာယာ ဦးစီးဦးအေးကျော်နဲ့အဖွဲ့ ခေါ်စစ်တယ်။ ကြီးကြပ်ရေးမှူး ငါးဦးမှာ လေးဦးက ပြည်သူ မကျေနပ်တဲ့အတွက် ပြန်ရွေးပေးဖို့ပြောခဲ့တယ်။ လက်မှတ်ထိုးတိုင်တဲ့သူတွေကို သုံးကြိမ် ခေါ်စစ်တယ်။ အဲ့မှာလည်း မပြေလည်ဘူး။ ဒါကြောင့် ဒုတိယအကြိမ် နိုင်ငံတော်သမ္မတ အပါအဝင် ၁၃ ဌာနကိုစတင်ပြီး တိုင်ထားပါတယ်။ ခုချိန်ထိတော့ ဘာမှ မလုပ်ပေးသေး ပါဘူး"လို့ပြောပါတယ်။ အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ  တစ်အိမ်ထောင်ကို မဲသုံးလေးခါ ပြန်ထည့်နေတာတွေရှိခဲ့တယ်လို့လည်း အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ထွန်းကပြောပါတယ်။ "အုပ်ချုပ်ရေးမှူးရွေးတဲ့နေ့က မြို့နယ်က စည်ပင်ဦးစီး ဦးအေးကျော်နဲ့အဖွဲ့ကလာပြီး ကြီးကြပ်တယ်။ ကျနော့်ကို ခင်ဗျားနဲ့ မဆိုင်ဘူး အဝေးမှာ နေဆိုပြီး ခိုင်းလို့ ကျနော်မဝင်ခဲ့ဘူး။ ပြဿနာတွေတက်လို့ ရွာသားတွေက လာပြောတယ်။ တစ်အိမ်ထောင်ကို မဲသုံးလေးခါ ပြန်ထည့်နေတယ်။ ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်ကို ပြောတာလည်း မရဘူး။ လက်မှတ်ထိုးတိုင်တော့လည်း ပြည်သူတွေကို အကြိမ်ကြိမ်ခေါ်စစ်တယ်။ စစ်တော့လည်း ပြည်သူတွေကို တရားခံစစ်သလို လှည့်ပတ်စစ်တော့ ပြည်သူတွေက ကြောက်လန့်ပြီး မသွားရဲတော့ဘူး။ ၂ လပိုင်း ၁ ရက်နေ့ကတော့ ကျနော်ကို တာဝန်ကရပ်စဲပြီး ဦးအောင်ဝင်းနိုင်ကို ခန့်အပ်လိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ စာရောက်လာပြီး တံဆိတ်တုန်းတွေ လာသိမ်းသွားပါတယ်" သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒုဦးစီးအရာရှိ ဦးဝေယံဦး ကတော့ တိုင်ကြားစာနဲ့ပတ်သက်ပြီး တိုင်း၊ ခရိုင်အဆင့်ကို တင်ပြထားတဲ့အကြောင်းနဲ့ တိုင်းကညွှန်ကြားချက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ပါဝင်တဲ့အဖွဲ့ဖွဲ့ပြီး ပြန်လည်စစ်ဆေး ဆောင်ရွက်ဖို့ ဆောင်ရွက်နေတယ်လို့ပြောပါတယ်။ မြောက်ပန်းဆွဲကျေးရွာအုပ်စုနေ ပြည်သူတွေကတော့ မဲမသာမာမှုတွေကြောင့် ကျေးရွာတွင်း ပြဿနာတွေဖြစ်ပေါ်နေလို့  ဥပဒေအတိုင်း အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို မှန်မှန်ကန်ကန် ပြန်လည်ပြုလုပ်ပေးဖို့ မျော်လင့်နေပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024