တာချီလိတ် ရွှေတိဂုံစေတီတွင် မီးလောင်မှုဖြစ်ပွား
DVB
·
February 22, 2018
ရှမ်းပြည်နယ် တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်ကို ရွှေသင်္ကန်းကပ်ဖို့ ဆင်ထားတဲ့ ငြမ်းတွေ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၄ နာရီလောက်က မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။
မီးလောင်ကျွမ်းတာကို မြင်တဲ့ ဘုရားအနီးဝန်းကျင်က လူငယ်တွေနဲ့ တာချီလိတ် နာရေးကူညီမှုအသင်းသားတွေဟာ ဘုရားဝင်းနံရံကို ကျော်တက်ပြီး မီးကို အရင်ငြှိမ်းသတ်နေချိန်မှာပဲ မီးသတ်တပ်ဖွဲ့ကလည်း လာရောက်မီးငြှိမ်းသတ်ခဲ့ပါတယ်။
မီးလောင်ကျွမ်းရတာနဲ့ပတ်သက်ပြီး ဝင်ရောက်မီးငြှိမ်းသူ ကိုစိုင်းရှန်ဖတ်က “ခြောက်သွေ့တဲ့ ရာသီဥတုဆိုတော့ ကာထားတဲ့ ငြမ်းတွေက လေတိုက်တဲ့အရှိန်နဲ့ ပွတ်တိုက်ပြီး မီးလောင်တာ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကာထားတဲ့ ဖျာတွေက တော်တော်ကို ခြောက်နေတာဗျ” လို့ ပြောပါတယ်။
စေတီရဲ့ အင်္ဂါထောင့်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး ဘုရားကို ရွှေသင်္ကန်းကပ်ဖို့ ကာရံထားတဲ့ ဝါးတွေနဲ့ ဖျာတွေသာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပေမယ့် ရင်ပြင်တော်တော့ မီးလောင်ကျွမ်းမှု မရှိဘူးလို့ သိရပါတယ်။
မီးသတ်ဖို့ လူမှုရေးအသင်းအဖွဲ့နဲ့ လူငယ်တွေ ဘုရားပေါ် သွားရောက်စဉ်မှာ ဘုရားဝင်း သော့ခတ်ထားတဲ့အတွက် သံပန်း သံခတ်တွေပေါ် ကျော်တက်ပြီး ဘုရားရင်ပြင်က သောက်တော်ရေနဲ့ ဘုရားပန်းလဲဖို့အတွက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်းက ရေတွေယူပြီး ဖျန်းပက်ခဲ့တာ ဖြစ်ပါတယ်။
မီးလောင်ကျွမ်းချိန်ကတော့ ၁၅ မိနစ်သာသာ ရှိပြီး မီးလောင်ကျွမ်းတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
သတင်း - ကိုဇက်