Home
မြန်မာသတင်း
ရိုးမဘဏ် ဗုံးခွဲသမားကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး သတင်းပေးရန် ရဲတပ်ဖွဲ့ နှိုးဆော်
DVB
·
February 22, 2018
ရှမ်းပြည်နယ် လားရှိုးမြို့က ရိုးမဘဏ်ခွဲ (၁) မှာ မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဖောက်ခွဲရေးသမားတွေကို ဖော်ထုတ်နိုင်ဖို့ ဒေသခံတွေအနေနဲ့ ကိုယ့်နယ်မြေထဲကို လူစိမ်းတွေ ဝင်တာရှိရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို သတင်းပေးကြဖို့ အသိပေး နှိုးဆော်ထားတယ်လို့ လားရှိုးရဲစခန်းမှူး ဒုရဲမှူးကျော်နိုင်က ပြောပါတယ်။ မြို့ခံတွေအနေနဲ့ လူစိမ်းဝင်လာရင် ပိုသိနိုင်တာကြောင့် နှိုးဆော်တာဖြစ်ပြီး မသင်္ကာစရာ လူတွေ တွေ့ရင်လည်း သတင်းပေးဖို့ နှိုးဆော်ထားသလို လတ်လော လားရှိုးမြို့မှာ လုံခြုံရေးအရ ပိတ်ဆို့ရှာဖွေတာတွေ လုပ်နေပြီး အခင်းဖြစ်နေရာက CCTV မှတ်တမ်းကိုလည်း ခရိုင်ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။ ဒီပေါက်ကွဲမှု ဖြစ်စဉ်နဲ့ပတ်သက်လို့ လားရှိုးမြို့မရဲစခန်းက (ပ)၆၅/ ၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၆/၃၀၇/ ၃၂၆/၃၀၂ (ပေါက်ကွဲစေတတ်သောပစ္စည်းအား ပေါ့လျော့မှု/ လူသတ်ရန် ကြံစည်မှု/ ပြင်းထန်နာကျင်စေမှု/ လူသတ်မှု)နဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ထားပါတယ်။ မနေ့ညနေက ရိုးမဘဏ် မိုင်းပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်း အမျိုးသမီး ၂ ယောက် သေဆုံးပြီး လူ၂၀ ကျော် ဒဏ်ရာရရှိခဲ့တာပါ။ ဒဏ်ရာရသူ ၂၂ ယောက်ထဲက ၁၆ ယောက်က သက်သာလာတာကြောင့် ဆေးရုံက ဆင်းသွားကြပြီ ဖြစ်ပြီး လက်ရှိ ဆေးရုံတက်ရောက် ကုသနေသူ ၆ ယောက်ပဲ ကျန်တော့တယ်လို့  လားရှိုးရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ ဓာတ်ပုံ-MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024