Home
မြန်မာသတင်း
စစ်တွေမြို့တွင် အအေးခန်း အလုပ်သမား ၁၀၀ ကျော်က နစ်နာမှုများ ဖြေရှင်းပေးရန် တောင်းဆို
DVB
·
February 22, 2018
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ Gallant Ocean ငါး၊ ပုစွန် အအေးခန်း အလုပ်ရုံက အလုပ်သမား တရာကျော်ဟာ ရခိုင်ပြည်နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရုံးကို ဖေဖော်ဝါရီ ၂၂ ရက် မနက်က စုဝေးရောက်ရှိလာပြီး လုပ်ငန်းခွင် နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။ အမျိုးသမီး အလုပ်သမား ၁၉ ယောက်ကို မတ်လထဲမှာ အလုပ်က ရပ်စဲမယ့်အကြောင်း စက်ရုံက အကြောင်းကြားစာ ဖေဖော်ဝါရီ ၂၁ ရက်မှာထုတ်ပြန်ခဲ့တဲ့အတွက် အထုတ်ခံရသူတွေက နစ်နာကြေး သုံးလစာ ထုတ်ပေးဖို့ တောင်းဆိုတာမရလို့ အလုပ်သမားတွေ အားလုံးက အခုလို လာရောက် တောင်းဆိုကြတာပါ။ အလုပ်သမား မဦးဝင်းစိန်က “တခါတလေ လုပ်ငန်းတဲ့ မဆိုင်တာတွေလည်း ခိုင်းတယ်။ အိပ်ရာသိမ်းခိုင်း၊ ထမင်းချက်ခိုင်း၊ အိမ်သာဆေးခိုင်း၊ အဝတ်လျှော်ခိုင်းတာတွေ လုပ်တယ်။ စာချုပ်မချုပ်ဘဲ အလုပ်ကို ထုတ်ချင်တဲ့အချိန် ထုတ်ပစ်တယ်။ ဘာနစ်နာကြေးမှ မခံစားရဘူး။ အဲဒါတွေ အထက်က လူကြီးတွေ သိအောင် နစ်နာကြေးရအောင် ညှိနှိုင်းပေးဖို့ တောင်းဆိုနေတာပါ။” အလုပ်ထုတ်ခံရသူ ၁၉ ဦးကို ကုမ္ပဏီက အလုပ်ပြန်ခန့်ပေးမယ်လို့ ပြောပေမယ့် အဆင့်လျှော့ချပြီး ခန့်ထားတဲ့အတွက် လက်မခံနိုင်ဘဲ နစ်နာကြေးအပြည့် ထုတ်ပေးဖို့နဲ့ အလုပ်က ထွက်ခွင့်ပေးဖို့ အလုပ်သမားတွေတောင်းဆိုပါတယ်။ နေ့လယ်ပိုင်းအထိ ရခိုင်ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးမှာ ညှိနှိုင်းနေဆဲ ဖြစ်ပြီး အလုပ်သမားတွေကလည်း ရုံးရှေ့မှာ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024