Home
မြန်မာသတင်း
ရိုးမဘဏ် မိုင်းပေါက်ကွဲမှုကြောင့် ၀န်ထမ်း ၂ ဦး သေဆုံး၊ ၂၂ ဦး ဒဏ်ရာရ
DVB
·
February 22, 2018
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ  ရိုးမဘဏ်ခွဲ ၁ ရဲ့ လမ်းဘေးရေမြောင်းမှာ မနေ့ညနေပိုင်းက ဒေသန္တရ မိုင်းတလုံးပေါက်ကွဲမှုကြောင့် ၂ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် ရိုးမဘဏ်ဝန်ထမ်း မစန္ဒာထွန်း (၄၈နှစ်) နဲ့ မမော်မော် (၃၉နှစ်) တို့ ၂ ဦးသေဆုံးခဲ့ပြီး ဘဏ်ဝန်ထမ်းတွေအပါဝင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ရိုးမဘဏ် အဆောက်အဦ အတွင်းပိုင်းနေရာတွေမှာလည်း ပျက်စီးဆုံးရှုံးမှု များခဲ့သလို အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦတွေ ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာကို နယ်မြေခံ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ မိုင်းရှင်းလင်းရေးအဖွဲ့တွေ၊ တိုင်းစစ်ဌာနချုပ်မှ နယ်လှည့် ဆေးကုသရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်တွေက သွားရောက်ခဲ့ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းနဲ့ ဆေးဝါးကုသပေးမှုတွေ လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် CCTV မှတ်တမ်းတွေကိုလည်း စစ်ဆေးခဲ့သလို အနီးပတ်ဝန်းကျင်တ၀ိုက် ပျက်စီးဆုံးရှုံးမှု စစ်ဆေးခဲ့ကြပါတယ်။ ဒဏ်ရာရရှိသူတွေကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ခင်လှိုင်နဲ့အဖွဲ့က သွားရောက်ကြည့်ရှုပြီး တပ်မတော်ဆေးရုံးမှ လူနာတင်ယာဉ်တွေနဲ့ လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသပေးထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အခုလို ၀န်ထမ်း ၂ ဦး ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး ရိုးမဘဏ်က “ပေါက်ကွဲမှုကြောင့် ရိုးမဘဏ်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော လားရှိုး (၁) ဘဏ်ခွဲမှ ရိုးမဘဏ် ၀န်ထမ်းနှစ်ဦး ကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးအပ်ပါသည်။ ယင်းဆုံးရှုံးမှုအတွက် ရိုးမဘဏ်အနေဖြင့် များစွာ စိတ်မကောင်းဝမ်းနည်းဖြစ်ရပါသည်။” လို့ သတင်းထုတ်ပြန်ထားပါတယ်။ ကွယ်လွန်သူ ၀န်ထမ်းနှစ်ဦး ဆုံးရှုံးမှုကို ၀မ်းနည်းကြေကွဲသောအားဖြင့် လားရှိုးမြို့ရှိ ရိုးမဘဏ်ခွဲ နှစ်ခုစလုံးကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစတင်၍ ယာယီပိတ်ထားမှာဖြစ်ပြီး လားရှိုးမြို့ရှိ ဘဏ်ခွဲတွေ ပြန်လည်ဖွင့်လှစ်မယ့်ရက်ကို  ပြန်လည်အသိပေးအကြောင်းကြားမယ်လို့ ဖော်ပြထားပါတယ်။ အခုလို ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်လက်နက်ကိုင်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024