A d v e r t i s e m e n t With Us

ဆီဗီလာ-မန်ယူ၊ ရှက်တာဒိုးနက်-ရိုးမား သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်

ဥရောပချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့အဖြစ် စပိန် လာလီဂါကလပ် ဆီဗီလာနဲ့ မန်ယူ၊ ယူကရိန်းကလပ် ရှက်တာဒိုးနက်နဲ့ အီတလီနာမည်ကြီး ရိုးမားတို့ ဖေဖော်ဝါရီ ၂၂ ရက် မနက်အစောပိုင်း ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အဝေးကွင်းမှာ မရှုံးအောင် ခံကန်မယ့် မန်ယူ စပိန်လာလီဂါကလပ် ဆီဗီလာဟာ အိမ်ကွင်းအားသာချက်နဲ့ မန်ယူကို အသာစီးယူ ကစားဖို့ ရှိနေပါတယ်။ ပြည်တွင်း အမှတ်ပေးပွဲစဉ် ၂၄ ပွဲအပြီးမှာ ဆီဗီလာဟာ ရမှတ် ၃၉ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံးလေးသင်းအတွင်း ဝင်ရေး ကြိုးစားနေတာပါ။ ဆီဗီလာဟာ အိမ်ကွင်းမှာဆိုရင် အသာစီးရလေ့ရှိပြီး လာလီဂါ အိမ်ကွင်း ၁၁ ပွဲ ယှဉ်ပြိုင်ရာမှာ ၇ ပွဲနိုင်၊ ၃ ပွဲသရေနဲ့ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဝေးကွင်း ၁၃ ပွဲ ယှဉ်ပြိုင်ထားရာမှာတော့ နိုင်ပွဲ ၅ ပွဲပဲရှိပြီး သရေပွဲမရှိ၊ ၈ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ ဒါကြောင့်လည်း အိမ်ကွင်းဆို အားသာချက်ရယူတတ်တဲ့ ဆီဗီလာကြောင့် မန်ယူ အခက်တွေ့နိုင်ဖွယ် ရှိနေပါတယ်။ ချန်ပီယံလိဂ် အုပ်စုအဆင့် ဖြတ်သန်းမှုမှာတော့ ဆီဗီလာဟာ ရလဒ်အကောင်းကြီး မဟုတ်ခဲ့ဘဲ လီဗာပူး၊ ရုရှားကလပ် စပါတပ်မော်စကို၊ ဆလိုဗေးနီးယားကလပ် မာရီဘောတို့နဲ့ တွေ့ဆုံခဲ့ပြီး အုပ်စုတွင်း ၂ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ အုပ်စု ဒုတိယနေရာကနေ ဒီအဆင့်ကို တက်လာခဲ့တာပါ။ ဒါ့အပြင် အုပ်စုတွင်း ၆ ပွဲမှာ တိုက်စစ်က ၁၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပေးဂိုးလည်း ၁၂ ရှိတာမို့ နောက်တန်းက ဂိုးပေးလွယ်နေတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဆီဗီလာနဲ့ ယှဉ်ပြိုင်မယ့် နာမည်ကြီး မန်ယူကလည်း လက်ရှိ ပြည်တွင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပေမယ့် ထိပ်ဆုံးအသင်းနဲ့ ၁၆ မှတ်အထိ ကွာဟနေတာမို့ ချန်ပီယံဖြစ်နိုင်တဲ့ အလားအလာ နည်းပါးနေပြီး အုပ်စုဒုတိယနေရာ မြဲအောင်ပဲ ကြိုးစားနေရပါတယ်။ ဒီနှစ်ဘောလုံးရာသီ အစပိုင်းက မန်ယူဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ရလဒ်တွေ ကောင်းမွန်ခဲ့ပြီး တိုက်စစ်မှူး လူကာကူလည်း ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ် ကွင်းလယ်တိုက်စစ်ကစားသမား ဆန်းချက်ဇ်ကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း မန်ယူကစားပုံ အားရစရာမရှိတော့ဘဲ ဆန်းချက်ဇ်ကလည်း ကျန်ကစားသမားတွေနဲ့ အတွဲအဖက် မမိသေးသလို တိုက်စစ်မှူး လူကာကူလည်း ဂိုးပေါက်ပျောက်ပြီး မန်ယူ ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ မှာလည်း မန်ယူဟာ တန်းတက် နယူးကာဆယ်ကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ဟတ်ဒါဖီးလ်ဒ်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာတော့ မန်ယူ နှစ်ဂိုးပြတ်နဲ့ ပြန်နိုင်ခဲ့ပြီး နှစ်ဂိုးစလုံးကို တိုက်စစ်မှူး လူကာကူ သွင်းယူပေးနိုင်ခဲ့တာကတော့ အသင်းအတွက် အားရစရာ ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ဖြတ်သန်းမှုမှာတော့ မန်ယူဟာ ရလဒ်ကောင်းမွန်ခဲ့ပြီး ဆွစ်ဇာလန်ကလပ် ဘေဆယ်၊ ရုရှားကလပ် စီအက်စ်ကေအေမော်စကို၊ ပေါ်တူဂီကလပ် ဘင်ဖီကာတို့နဲ့ တွေ့ဆုံခဲ့တဲ့ အုပ်စုတွင်းပွဲစဉ် ၆ ပွဲမှာ ၅ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ အုပ်စု ပထမနေရာကနေ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်လာတာပါ။ ဒါ့အပြင် ရဂိုး ၁၂ ဂိုးနဲ့ သွင်းဂိုးအများဆုံး ဖြစ်ခဲ့ပြီး ပေးဂိုးမှာတော့ ၃ ဂိုးသာရှိလို့ ဥရောပ ချန်ပီယံလိဂ်မှာ တိုက်စစ်ကောင်းမွန်သလို ခံစစ်ကလည်း စိတ်ချရတဲ့ အနေအထား ရှိနေပါတယ်။ ဒါပေမယ့် မန်ယူရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေက ဥရောပအဆင့်မှာ ထိပ်တန်းအသင်းတွေ မဟုတ်တဲ့အတွက်လည်း မန်ယူ အုပ်စုချောင်ခဲ့တယ်လို့ ဆိုရမှာပါ။ အခု ၁၆ သင်း ရှုံးထွက်အဆင့်မှာ မန်ယူရင်ဆိုင်ရမယ့် ဆီဗီလာအသင်းကတော့ အသင်းကောင်းတသင်းဖြစ်သလို အိမ်ကွင်း ကစားအားလည်း ကောင်းမွန်တာမို့ မန်ယူအနေနဲ့ အသာစီးရဖို့ မလွယ်ကူဘဲ နည်းပြ မော်ရင်ဟို အသုံးပြုတတ်တဲ့ နည်းဗျူဟာအရ အဝေးကွင်းမှာ မရှုံးအောင် ခံကစားနိုင်မလား ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ရိုးမားကို အခက်တွေ့စေမယ့် ရှက်တာဒိုးနက် ယူကရိန်းကလပ် ရှက်တာဒိုးနက်နဲ့ အီတလီ စီးရီးအေကလပ် ရိုးမားတို့ ပွဲစဉ်မှာတော့ အိမ်ကွင်းကစားအား ကောင်းတဲ့ ရှက်တာဒိုးနက်က ရိုးမားကို အခက်တွေ့အောင် ကစားနိုင်ဖွယ် ရှိပါတယ်။ ရှက်တာဒိုးနက်ဟာ လက်ရှိ ယူကရိန်းလိဂ်မှာ သုံးမှတ်အသာနဲ့ ဇယားထိပ်ဆုံးက ဦးဆောင်ထားနိုင်သလို သွင်းဂိုးအများဆုံးနဲ့ ပေးဂိုးအနည်းဆုံး အသင်းလည်း ဖြစ်တာမို့ ခံစစ်၊ တိုက်စစ် မျှတတဲ့အသင်းလို့ ဆိုရမှာပါ။ လက်ရှိ ပွဲစဉ် ၂၀ ယှဉ်ပြိုင်အပြီးမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ ၃ ပွဲသာ ရှိခဲ့ပါတယ်။ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ရှက်တာဒိုးနက်ဟာ ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီး၊ စီးရီးအေကလပ် နာပိုလီ၊ နယ်သာလန်ကလပ် ဖီယင်နုတို့နဲ့ တအုပ်စုတည်း ကျရောက်ခဲ့ပြီး ၄ ပွဲနိုင်၊ ၂ ပွဲရှုံးနဲ့ နာမည်ကြီး နာပိုလီကို ကျော်ဖြတ်ပြီး အုပ်စုဒုတိယနေရာကနေ ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့တာပါ။ ဒါ့အပြင် အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ၃ ပွဲစလုံး အနိုင်ရအောင်လည်း ကစားနိုင်ခဲ့တဲ့အတွက် အိမ်ကွင်းကစားအား အထူးကောင်းမွန်တဲ့အသင်းလို့ ဆိုရမှာပါ။ ရှက်တာဒိုးနက်နဲ့ ယှဉ်ပြိုင်ရမယ့် ရိုးမားအသင်းဟာ လက်ရှိ ပြည်တွင်း စီးရီးအေ အမှတ်ပေးပွဲ ၂၅ ပွဲ ကစားအပြီး ၁၅ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၅ ပွဲရှုံးနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း အောက်ကအသင်းတွေနဲ့ အမှတ်မပြတ်တဲ့အတွက် လာမယ့်ရာသီ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရရေး ရုန်းကန်နေရတာပါ။ ချန်ပီယံလိဂ် အုပ်စုတွင်း ဖြတ်သန်းမှုမှာတော့ ရိုးမားဟာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး၊ စပိန်လာလီဂါထိပ်သီး အက်သလက်တီကိုမက်ဒရစ်၊ အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်တို့နဲ့ ကျရောက်ခဲ့ပြီး ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်နဲ့ ချဲလ်ဆီးနဲ့အမှတ်တူပေမယ့် ဂိုးကွာခြားချက်အသာရကာ အုပ်စုပထမနေရာကနေ အခုအဆင့်ကို ရောက်လာတာ ဖြစ်ပါတယ်။ ရိုးမားအသင်းဟာ အဓိက ကွင်းလယ်လူ နိုင်ဂိုလန်နဲ့ ဒီရော့စီ၊ တိုက်စစ်မှူး ဒီဇက်ကိုတို့ ပုံမှန်ခြေစွမ်းနဲ့ တိုက်စစ်ဆင် ဂိုးသွင်းနိုင်ရင်တော့ အခြေအနေကောင်းနိုင်တယ်လို့ ပြောလို့ရပေမယ့် ရှက်တာဒိုးနက်ရဲ့ အိမ်ကွင်းခြေစွမ်း အထူးကောင်းမွန်တာ၊ အသင်းလိုက် ကစားအား ကောင်းမွန်တာတွေကြောင့် ယူကရိန်းမြေမှာတော့ ရိုးမားအနေနဲ့ ရုန်းကန်ရဖွယ်ရှိတယ်လို့ သုံးသပ်မိပါတယ်။ စိုးကြည်သိန်း

A d v e r t i s e m e n t With Us

More News
Up