A d v e r t i s e m e n t With Us

တောင်ကိုရီးယားတွင် စီးပွားရေးလုပ်ငန်း ဆက်လုပ်ချင်ဟု GM ကုမ္ပဏီ ပြော

ဂျင်နရယ်မော်တော်ကုမ္ပဏီဟာ တောင်ကိုရီးယားနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်း ဆက်လုပ်ချင်တယ်လို့ ဂျင်နရယ်မော်တော်ကား (General Motor-GM) လုပ်ငန်းစု နိုင်ငံတကာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးအကဲ ဘာရီ အန့်ဂယ်က ဖေဖော်ဝါရီ ၂၀ မှာ ပြောပါတယ်။ GM ဟာ တောင်ကိုရီးယားနိုင်ငံအတွင်း စက်ရုံလေးရုံထဲက တရုံကို ပိတ်လိုက်ပြီလို့ ကြေညာအပြီးမှာ ခုလို ပြောလိုက်တာပါ။ အခြေအနေမကောင်းတဲ့ တောင်ကိုရီးယား လုပ်ငန်းတွေကြောင့် တင်နေတဲ့အကြွေး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံလောက်ကို ရှယ်ယာတန်ဖိုးအဖြစ် ပြောင်းပြီး တောင်ကိုရီးယား အစိုးရဆီက ဘဏ္ဍာရေး အထောက်အပံ့၊ အခွန်အားသာချက်တွေနဲ့ ဖလှယ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဒီအရေးကို တိုက်ရိုက်သိထားတဲ့ သတင်းရင်းမြစ်လေးရပ်က ပြောပါတယ်။ ဆိုးလ်မြို့တော် အနောက်တောင်ပိုင်းက ဂန်းစန်မြို့မှာရှိတဲ့ စက်ရုံကို မေလမှာ ပိတ်မယ်လို့ အရင်အပတ်က ကြေညာအပြီး ဖွဲ့စည်းပုံပြန်ပြင်မယ့် အဆိုပြုချက် ထွက်လာခဲ့တာပါ။ ကျန်တဲ့ စက်ရုံသုံးရုံရဲ့ အနာဂတ်ကိုတော့ သီတင်းပတ်တွေအတွင်း ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ရှယ်ယာတန်ဖိုးအဖြစ် အကြွေးတွေကို ပြောင်းလိုက်တဲ့ အလဲအလှယ်ဟာ GM လုပ်ငန်းကို တောင်ကိုရီးယားနိုင်ငံအတွင်း လုပ်ငန်းဆက်ပြီး လည်ပတ်စေနိုင်မှာပါ။ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဘယ်ရီဟာ တောင်ကိုရီးယား လက်ရှိ အာဏာရပါတီရဲ့ ဘူပြောင်း ဒေသန္တရလွှတ်တော်အမတ် ဦးဆောင်တဲ့ လုပ်ငန်းအဖွဲ့နဲ့ တွေ့ဆုံပါတယ်။ အဲဒီဒေသမှာ GM ရဲ့ အကြီးဆုံးစက်ရုံ ရှိပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား အစိုးရနဲ့ GM ကြား ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘယ်ရီအန်ဂယ်က မှတ်ချက်တစုံတရာ မပြောခဲ့ပါဘူး။ GM ဟာ တောင်ကိုရီးယားနိုင်ငံထဲမှာ ကားမော်ဒယ်သစ်နှစ်မျိုး ထုတ်လုပ်ဖို့ စီစဉ်နေခဲ့တယ်လို့ ဘယ်ရီအန်ဂယ်က အမတ်တွေကို ပြောကြောင်း လွှတ်တော်အမတ် ကင်မ်ဆွန်းတေးက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up