ကင်းမွန်မီးထွန်းလှေလုပ်သားများ နှောင့်ယှက်မှုကြောင့် ဆလုံရိုးရာနတ်ပူဇော်ပွဲပျက်
DVB
·
February 21, 2018
ကော့သောင်းမြို့ စူငယ်ဘာလိုင်းကျေးရွာအုပ်စု ဆလုံတိုင်းရင်းသားလူမျိုးတွေ နေထိုင်ရာ မကြုံဂလက်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ်ပိုင်းက ဆလုံ (ခ) မော်ကင်းရိုးရာ နတ်ပူဇော်ပွဲ ကျင်းပစဉ် ကင်းမွန်မီးထွန်းလှေ လုပ်သားတွေ ဝင်ရောက်နှောင့်ယှက်တဲ့အတွက် ပွဲပျက်သွားခဲ့ရတယ်လို့ ရွာသားတွေဆီက သိရပါတယ်။
စူငယ်ဘာလိုင်းကျေးရွာအုပ်စု လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် နယ်မြေထဲမှာရှိတဲ့ မကြုံဂလက်ကျေးရွာမှာ ဆလုံ(ခ)မော်ကင်းရိုးရာ နတ်ကပွဲကို ဆလုံတွေရဲ့ ရိုးရာနဲ့အညီ ပြုလုပ်နေစဉ်မှာ အောင်ဘာကျေးရွာနေ ညီနိုင်ဦးနှင့် လှေသားတွေက ကင်းမွန်းမီးထွန်းလှေနဲ့ ရောက်ရှိလာပြီး ဆလုံ (ခ) မော်ကင်းရိုးရာ နတ်ကပွဲမှာ ဝင်ရောက်ကခုန်ခဲ့ပါတယ်။
ဆလုံတွေက ဒါဟာ သူတို့ရဲ့ရိုးရာပွဲ ဖြစ်တာကြောင့် ဝင်ရောက်ကခုန်တာ မပြုလုပ်ဖို့ ပြောဆိုရာမှ လှေသားတွေက အရက်မူးနေကြပြီး ရွာသားတွေရဲ့ ဖျောင်းဖျပြောဆိုမှုကြောင့် လှေသားတွေ ပြန်အထွက်မှာ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ဝန်းကျင် သားငှက် ဌာနပိုင်လှေရဲ့ ကျောက်ကြိုးတွေကို ဓားနဲ့ ခုတ်ဖြတ် လှေအမိုးကို ဓားနဲ့ ထိုးခွဲခဲ့ပြီး နိုင်ငံတော်အလံကိုလည်း ဓားနဲ့ ခုတ်ပိုင်းကာ ရေထဲပစ်ချ ပြန်ထွက်သွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
မကြုံဂလက်ကျေးရွာနေ ကိုခင်မောင်ထွေးက “ဆလုံ(ခ)မော်ကင်းရိုးရာ နတ်ကပွဲကို တနေကုန် ပူဇော်ပသတာတွေ ဆောင်ရွက်လေ့ရှိပေမယ့်လည်း ကင်းမွန်မီးထွန်းလှေပေါ်မှ လူတွေရဲ့ နှောင့်ယှက်မှုကြောင့် ပွဲတော်ကို နေ့တဝက်နဲ့ပဲ ရပ်နားထားခဲ့ရတယ်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို လေးစားမှုမဲ့ ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးခဲ့တဲ့သူတွေကို ထိရောက်စွာ အရေးမယူနိုင်ပေးပါက ရှားပါးလှတဲ့ ဆလုံတို့ရဲ့ ရိုးရာပွဲတွေ အရှည်တည်တံ့နိုင်ဖို့အတွက် ရတက်မအေး ဖြစ်နေရတယ်”လို့ ပြောပါတယ်။
စူငယ်ဘာလိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်က “ဌာနပိုင်လှေလည်း ဖျက်ဆီးခံရတဲ့အတွက် သစ်တောဦးစီးဌာနနဲ့ ပူးပေါင်းပြီး ရဲစခန်းမှာ အမှုဖွင့်အရေးယူသွားမယ်” လို့ ပြောပါတယ်။
သတင်း - လတ်ကိုကိုဦး