ဂျပန်နိုင်ငံတွင် ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်အဆောက်အအုံ တည်ဆောက်မည်

ဓာတ်ပုံ - Sumitomo Forestry
1.5K
ဂျပန်ကုမ္ပဏီတခုက သူတို့လုပ်ငန်း တည်ထောင်မှု နှစ်ပေါင်း ၃၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာ့အမြင့်ဆုံးဖြစ်လာမယ့် သစ်သားမိုးမျှော်အဆောက်အအုံတခုကို တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
တိုကျိုအခြေစိုက် သစ်တောထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း တခုဖြစ်တဲ့ ဆူမိတိုမို ဖောရက်စ်ထရီ ကုမ္ပဏီဟာ ၁၆၉၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လာမယ့် ၂၀၄၁ ခုနှစ်မှာတော့ လုပ်ငန်းတည်ထောင်ခြင်း နှစ် ၃၅၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။
ဒီအထိမ်းအမှတ်အဖြစ် သစ်သားနဲ့ ပြုလုပ်တည်ဆောက်မယ့် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အအုံကို ဆောက်လုပ်သွားမှာဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖော်ပြပါတယ်။
ဒဗလျူ-၃၅၀ တာဝါအမည်ရ အထပ် ၇၀ ပါ မိုးမျှော်အဆောက်အအုံရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ စတီးလ်နဲ့ တည်ဆောက်သွားမှာဖြစ်ပြီး အကျယ်အဝန်း ၁ သိန်း ၈ သောင်း ကုဗမီတာရှိတဲ့ အဆောက်အအုံကိုတော့ သစ်သားမျိုးရင်းတွေ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
အဆောက်အအုံရဲ့ အထပ်တိုင်းမှာ သစ်ပင်ပန်းမန်တွေနဲ့ လသာဆောင်ပါဝင်မယ့် ဒီမိုးမျှော်အဆောက်အအုံမှာ အိမ်ခြေ ၈ ထောင်လောက် နေထိုင်နိုင်မှာဖြစ်ပြီး ကျောင်းတွေ၊ ဟိုတယ်တွေ၊ ဆိုင်ခန်းတွေ၊ ရုံးတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။
တည်ဆောက်မှု ကုန်ကျစရိတ်အနေနဲ့ ယန်းငွေဘီလျံ ၆၀၀ လောက်ရှိနိုင်ပြီး ငလျင်ဒဏ်ခံနိုင်အောင် ဖန်တီးတည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့က ၅၃ ထပ်ရှိတဲ့ ကျောင်းသားဆောင်ဟာ ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်အဆောက်အအုံအဖြစ် ရပ်တည်နေပါတယ်။