A d v e r t i s e m e n t With Us

ချဲလ်ဆီး-ဘာစီ၊ ဘိုင်ယန်-ဘီဆစ်တပ် အပြိုင်ကြဲမည့် ချန်ပီယံလိဂ်ပွဲစဉ်

ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်တွေဟာ အခုဆိုရင် ၁၆ သင်း ရှုံးထွက်အဆင့်ကို ရောက်နေပြီး အရင်အပတ်က ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းတွေ အခြေအနေ ကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က မန်စီးတီးက ဆွစ်ဇာလန်ကလပ် ဘေဆယ်ကို လေးဂိုးပြတ်၊ လီဗာပူးက ပေါ်တူဂီကလပ် ပေါ်တိုကို ငါးဂိုးပြတ်နဲ့နိုင်ပြီး တော့တင်ဟမ်ဟော့စပါးကတော့ အီတလီထိပ်သီး ဂျူဗင်တပ်ကို အဝေးကွင်းမှာ နှစ်ဂိုးစီ သရေကျအောင် စွမ်းဆောင်ထားနိုင်ခဲ့ကြပါတယ်။ ဒီတပတ်မှာလည်း ကျန်အသင်းတွေယှဉ်ပြိုင်ကြမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၂၁ ရက် မနက်အစောပိုင်းမှာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနဲ့ စပိန် လာလီဂါ နာမည်ကြီး ဘာစီလိုနာ၊ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နဲ့ တူရကီကလပ် ဘီဆစ်တပ်တို့ ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ ကစားကြမှာပါ။ အိမ်ကွင်းရုန်းအားနဲ့ ဘာစီလိုနာကို ယှဉ်ပြိုင်မယ့် ချဲလ်ဆီး ဒီပွဲစဉ်ဟာ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့် ပွဲကောင်းတပွဲ ဖြစ်လာမှာကတော့ သေချာပါတယ်။ ချဲလ်ဆီးဟာ အစောပိုင်းက ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားခဲ့လို့ နည်းပြကွန်တီလည်း ဖိအားတွေဝင်ခဲ့ပြီး တိုက်စစ်ကလည်း အလုပ်မဖြစ်ဘဲ ရုန်းကန်ခဲ့ရပေမယ့် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်တပွဲနဲ့ အက်ဖ်အေဖလားပွဲမှာတော့ ရလဒ်တွေ ပြန်လည်ကောင်းမွန်ခဲ့ကာ ဂိုးပြတ်နိုင်ပွဲ ပြန်ရခဲ့ပါတယ်။ ချန်ပီယံလိဂ် အုပ်စုအဆင့် ဖြတ်သန်းမှုမှာတော့ ချဲလ်ဆီးဟာ ရိုးမား၊ အက်သလက်တီကို မက်ဒရစ်၊ အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်တို့နဲ့ တအုပ်စုတည်း ကျရောက်ခဲ့ပြီး ၃ ပွဲနိုင်၊ ၂  ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်နဲ့ အုပ်စုဒုတိယနေရာကနေ နောက်တဆင့်ကို တက်ရောက်ခဲ့တာပါ။ ဒါ့အပြင် တိုက်စစ်က ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အုပ်စုတွင်း ဂိုးအများဆုံး သွင်းယူနိုင်ခဲ့ပေမယ့် နောက်တန်းကလည်း ၈ ဂိုးအထိ ပြန်ပေးထားရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာတော့ ချဲလ်ဆီးဟာ ကစားသမားတချို့ အပြောင်းအလဲလုပ်ခဲ့ပြီး အရန်တိုက်စစ်မှူး ဘတ်ရှူးအာယီကို ဒေါ့မွန်အသင်းဆီ အငှားချခဲ့ပြီး အာဆင်နယ်တိုက်စစ်မှူး ဂျရူးကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ လက်ရှိမှာတော့ တိုက်စစ်မှူး မိုရာတာလည်း ဒဏ်ရာကနေ ပြန်ကောင်းလာပြီဖြစ်သလို ကွင်းလယ်တိုက်စစ်ကစားသမား ဟာဇက်ကလည်း ခြေစွမ်းပြနေတာမို့ ချဲလ်ဆီးတိုက်စစ် ပိုမိုအသက်ဝင်လာနိုင်ချေ ရှိနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ မှာပဲ ရပ်တည်နေပြီး ထိပ်ဆုံးကအသင်းနဲ့ ၁၉ မှတ်အထိ ကွာဟနေလို့ ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်နိုင်ဖို့ အနေအထား မရှိတော့တဲ့အတွက်လည်း ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ကို ပိုမိုအာရုံစိုက် ကစားလာမယ်လို့ မျှော်လင့်ရပါတယ်။ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်မယ့် ဘာစီလိုနာအသင်းကလည်း လက်ရှိ ပြည်တွင်း လာလီဂါ အမှတ်ပေးပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးဘဲ ၂၄ ပွဲကစားအပြီး ၁၉ ပွဲနိုင်၊ ၅ ပွဲသရေ၊ ရမှတ် ၆၂ မှတ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်ထားနိုင်ပါတယ်။ ဒါ့အပြင် တိုက်စစ်ကလည်း ၆၂ ဂိုးအထိ သွင်းယူထားလို့ လာလီဂါမှာ သွင်းဂိုးအများဆုံးဖြစ်ပြီး နောက်တန်းကလည်း ၁၁ ဂိုးပဲ ပေးထားရလို့ ဒုတိယ ပေးဂိုးအနည်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ဘာစီလိုနာဟာ ဂျူဗင်တပ်၊ ပေါ်တူဂီကလပ် စပို့တင်း၊ ဂရိစ်ကလပ် အိုလံပီယာကော့စ်တို့နဲ့ တွေ့ဆုံခဲ့ပြီး ရှုံးပွဲမရှိ ၄ ပွဲနိုင်၊ ၂ ပွဲသရေ ရလဒ်နဲ့ အုပ်စု ပထမနေရာကနေ ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။ ဘာစီလိုနာ တိုက်စစ်မှာ မက်ဆီ ပုံမှန်ဂိုးသွင်းနိုင်တယ်ဆိုပေမယ့် ထူးခြားချက်တခုကတော့ မက်ဆီဟာ ချဲလ်ဆီးနဲ့ တွေ့ဆုံတဲ့ ပွဲတွေမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့တာက အံ့အားသင့်စရာ ကောင်းနေပါတယ်။ ဘာစီလိုနာဟာ ချဲလ်ဆီးနဲ့ ထိပ်တိုက် ၁၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ ချဲလ်ဆီးက ၄ ပွဲနိုင်ပြီး ဘာစီလိုနာက ၃ ပွဲပဲ အနိုင်ရခဲ့တဲ့ မှတ်တမ်းအရ ချဲလ်ဆီးက အနည်းငယ် အသာစီးရနေတာကို တွေ့ရမှာပါ။ ဒါပေမယ့်လည်း အခုတကြိမ် တွေ့ဆုံမှုမှာတော့ ချဲလ်ဆီးက အိမ်ကွင်းအားသာချက်နဲ့ ဘာစီလိုနာကို ယှဉ်ပြိုင်မှာဖြစ်ပေမယ့် ဘာစီလိုနာရဲ့ တိုက်စစ်ကို ချဲလ်ဆီး ပွဲချိန်ပြည့် တောင့်ခံနိုင်ဖို့ ရှိမရှိကလည်း စဉ်းစားစရာ ကောင်းလှပါတယ်။ ဒါကြောင့် ဒီပွဲမှာ အရင်ဆုံး ဘယ်အသင်း ဂိုးစသွင်းနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပြီး ဂိုးစသွင်းနိုင်တဲ့အသင်း အသာစီးရယူသွားနိုင်ချေ ရှိနေပါတယ်။ အိမ်ကွင်းမှာ အနိုင်ကစားမယ့် ဘိုင်ယန်မြူးနစ် တူရကီကလပ် ဘီဆစ်တပ်ကို အိမ်ကွင်းမှာ လက်ခံကစားမယ့် ဂျာမန် ဘွန်ဒက်စ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်ဟာ နည်းပြ ဂျက်ဟေးနက်စ် လက်ထက်မှာ ပုံစံကောင်းရနေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ မိုချန်ဂလာဘက်နဲ့ပွဲမှာ နှစ်ဂိုးတဂိုးနဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း တောက်လျှောက် နိုင်ပွဲတွေ ပြန်လည်ရယူနိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးပွဲ ၂၃ ပွဲအပြီးမှာ ရမှတ် ၅၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပြီး ဒုတိယနေရာက ဒေါ့မွန်ကို ၁၉ မှတ်အထိ ဖြတ်ထားနိုင်တဲ့အတွက် ချန်ပီယံဖြစ်ဖို့ အလားအလာ အလွန်ကောင်းမွန်နေပြီး ဖိအားကင်းစင်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီ၊ စကော့တလန်ကလပ် ဆဲလ်တစ်၊ ဘယ်လ်ဂျီယံကလပ် အန်းဒါးလက်ခ်ျတို့နဲ့ တွေ့ဆုံခဲ့ပြီး အုပ်စုပွဲစဉ် ၆ ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ ပီအက်စ်ဂျီတသင်းကိုပဲ အဝေးကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ ပြန်ပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျန်အသင်းတွေကို အိမ်ကွင်း၊ အဝေးကွင်း အကုန် အနိုင်ရခဲ့သလို အထူးသဖြင့် အိမ်ကွင်းပွဲစဉ်တွေဆိုရင် တိုက်စစ်ပိုင်းကောင်းမွန်ပြီး တပွဲ သုံးဂိုးနှုန်းအထိ ပုံမှန် သွင်းနိုင်ခဲ့ပါတယ်။ ဘိုင်ယန်နဲ့ ယှဉ်ပြိုင်ရမယ့် တူရကီကလပ် ဘီဆစ်တပ်ဟာ လက်ရှိ တူရကီပြည်တွင်း အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေပြီး ထိပ်ဆုံးကအသင်းနဲ့ ၅ မှတ်ပဲ ကွာဟတာမို့ လာမယ့်ရာသီ ချန်ပီယံဖြစ်ရေး မျှော်လင့်ချက် ရှိနေသေးလို့ ထိပ်ပိုင်းကို တက်နိုင်အောင် ကြိုးစားနေတဲ့အသင်း ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ဘီဆစ်တပ်ဟာ ပြည်တွင်း အမှတ်ပေးပွဲမှာ အိမ်ကွင်းရှုံးပွဲ လုံးဝမရှိသေးပေမယ့် အဝေးကွင်း ၁၂ ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာတော့ ၄ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၃ ပွဲရှုံး ရလဒ် ရယူထားတာမို့ အိမ်ကွင်းထက် အဝေးကွင်းစွမ်းဆောင်ရည်က အနည်းငယ် အားနည်းတာကို တွေ့ရပါတယ်။ ချန်ပီယံလိဂ် အုပ်စုအဆင့် ဖြတ်သန်းမှုမှာ ဘီဆစ်တပ်ဟာ အားရဖို့ကောင်းပြီး အုပ်စုတွင်း ပေါ်တူဂီကလပ် ပေါ်တို၊ ဂျာမန်ကလပ် လိုက်ပ်ဇစ်၊ ပြင်သစ်ကလပ် မိုနာကိုတို့နဲ့ တွေ့ဆုံခဲ့ကာ ရှုံးပွဲမရှိဘဲ အုပ်စုထိပ်ဆုံးကနေ အခုအဆင့်ကို တက်ရောက်လာတာပါ။ ဒါ့အပြင် ဘီဆစ်တပ် တိုက်စစ်ကလည်း အုပ်စုပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် တိုက်စစ်ဆင်ကစားရာမှာ ကောင်းမွန်တဲ့အသင်းအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်စစ်အားကောင်းတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုမှာ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ရှိပြီး အတွေ့အကြုံများတဲ့ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းအားသာချက်နဲ့ လိုအပ်တဲ့ အနိုင်ဂိုးတွေသွင်းပြီး အနိုင်ရလိမ့်မယ်လို့ ယူဆမိပါတယ်။ စိုးကြည်သိန်း

A d v e r t i s e m e n t With Us

More News
Up