တူးတူး နှင့် ဆိုရိုကင်တို့ လက်ဝှေ့ပြိုင်ပွဲတွင် ဒိုင်ဆုံးဖြတ်ချက်မမှားဟု ရှင်းလင်း

ဓာတ်ပုံ - WLC
2K
အငြင်းပွားနေတဲ့ WLC - 4 ပွဲနဲ့ ပတ်သက်ပြီး ဒိုင်ဆုံးဖြတ်ချက် မမှားကြောင်းနဲ့ ပွဲရလဒ်ကို မပြင်ဘူးလို့ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံမှာ ပြုလုပ်တဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံကာကွယ်ပွဲ WLC-4 လက်ဝှေ့ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ တူးတူး (မြန်မာ) နဲ့ စိန်ခေါ်သူ ဆိုရိုကင်(ယူကရိန်း) တို့ ထိုးသတ်ခဲ့ကြတာပါ။
အဲဒီပွဲစဉ်မှာ ချန်ပီယံတူးတူးဟာ စိန်ခေါ်သူ ယူကရိန်းနိုင်ငံသား ဆိုရိုကင်ကို အသာစီးမထိုးသတ်နိုင်ခဲ့ပေမယ့် ဒိုင် ၃ ဦးရဲ့ ဆုံးဖြတ်ချက်အရ အနိုင်ပေးခဲ့တဲ့အတွက် လူမှုကွန်ရက်တွေပေါ်မှာ အငြင်းပွားမှု ဖြစ်ပေါ်နေတာပါ။
ဒါကြောင့် ဒီနေ့ ညနေပိုင်းက ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ရုံးမှာ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ခုံဒိုင်အဖွဲ့တွေပါတဲ့ ဘုတ်အဖွဲ့နဲ့ ပြန်သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပွဲစဉ်ကို ဗွီဒီယိုပြကွက်တွေနဲ့ အပိုင်းလိုက် အသေးစိတ် ပြန်ကြည့်ရာမှာ ဘယ်သူကမှ လက်ရည်အပြတ်အသတ်မကွာသလို၊ ထိုးချက်၊ ထိချက်လည်း မကွာတာ တွေ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တူးတူးက စတုတ္ထအချီနဲ့ ပဉ္စမအချီတွေမှာ ဦးဆောင်လိုက်လံထိုးသတ်နိုင်ခဲ့ပြီး ဆိုရိုကင်က ခံစစ်အသွင်နဲ့ပဲ ထိုးသတ်ခဲ့လို့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက် မမှားဘူးလို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ ဘယ်အားကစားပြိုင်ပွဲမှာမဆို ပွဲရလဒ် ဆုံးဖြတ်ချက်ကို ပြောင်းလဲပြင်ဆင်တာ မရှိသလို ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အနေနဲ့လည်း မပြောင်းလဲဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။