Live
Home
မြန်မာသတင်း
ပဲနွယ်ကုန်းရှမ်းရွာကြီးရွှေကျောင်းက ရှေးဟောင်းပစ္စည်းများ ထိမ်းသိမ်းရန်လိုအပ်နေ
DVB
·
February 19, 2018
ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့ရှိ ရှမ်းရွာကြီး ရှေးဟောင်းရွှေကျောင်းမှာ အဆက်ဆက်ထိမ်းသိမ်းခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေဟာ ပျက်စီးမှုတွေရှိနေတာကြောင့် အချိန်မီ ထိန်းသိန်းဖို့ လိုအပ်နေတယ်လို့ ကျောင်းထိုင်ဆရာတော်နဲ့ ဂေါပကအဖွဲ့က ပြောပါတယ်။ ရွှေကျောင်းရှိ ရွှေမန်ကျည်းစေ့ကမ္မာဝါတွေ၊ ရွှေပေကျမ်း၊ ဆေးကျမ်းတွေနဲ့ အခြားရှေးဟောင်းပစ္စည်းတွေဟာ ထမ်းသိမ်းမှုနည်းစနစ် မမှန်ကန်လို့ ပျက်စီးမှုတွေရှိနေပြီး အဆိုပါပစ္စည်းတွေ အချိန်မီထိန်းသိမ်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။ အဆိုပါရှေးဟောင်းပစ္စည်းတွေကို ကျောင်းတိုင်ဆရာတော် ဥူးဂန္ဓမာလက်ထက်မှ လက်ရှိ သက်တော် ၈၀ ကျော်ရှိပြီဖြစ်တဲ့ ဆရာတော်ဥူးအာစာရ လက်ထက်အထိဆရာတော် ခြောက်ပါး အစဉ်အဆက်ထမ်းသိမ်းခဲ့တာလို့ လက်ရှိကျောင်းမှာ သတင်းသုံးနေတဲ့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။ "အရင်ဆရာတော်ကြီးတွေကလည်း လက်ဆင့်ကမ်း ထိမ်းသိမ်းခဲ့ကြတယ်။ အားလုံးက ပအိုဝ်း ဘုန်းကြီးတွေပါပဲ။ လက်ဆင့်ကမ်းပြီးတော့ ထိမ်းသိမ်းလာခဲ့တာ ဘုန်းဘုန်း လက်ထက်အထိပေါ့။ ဘုန်းဘုန်းဆို ဝါတော်ခြောက်ဆယ်ကျော်၊ အသက်ရှစ်ဆယ်ကျော်ပြီ။ ဒီပစ္စည်းတွေရဲ့ သက်တန်း ကမသေးတော့ဘူး။ ဘုန်းဘုန်းတို့ကတော့ တတ်နိုင်တဲ့ဘက်ကတော့ အကောင်းဆုံး ထိမ်းသိမ်းထားပါတယ်။ ရှေ့ဟောင်းကလဲလာကြည့်တယ်။ နိုင်ငံတော်ကို လှူဖို့ ပြောတယ်။ ဘုန်းဘုန်းတို့ကလဲ ပအိုဝ်းလူမျိုးတွေ အစဉ်အဆက်ထိမ်းသိမ်းထားတဲ့ ပစ္စည်းဖြစ်လို့ မလှူနိုင်ဘူးပြောခဲ့တယ်။ နောက်ပိုင်းတော့မလာတော့ဘူး။" အဆိုပါရှေးဟောင်းပစ္စည်းတွေကို ရှေးဟောင်းဌာနက လာရောက်ကြည့်ရှုခဲ့ ပေမယ့် ပစ္စည်းတွေရဲ့ သက်တမ်းကို သတ်မှတ်ပေးခဲ့ခြင်းမရှိသလို ပစ္စည်းတွေကို ဘယ်လို ထိမ်းသိမ်းရမလဲဆိုတာကိုလည်း အခက်အခဲတွေရှိ တယ်လို့ ဘုန်းတော်ကြီးကျောင်း ဂေါပကအဖွဲဝင်တစ်ဦးကပြောပါတယ်။ "ရှေးဟောင်းက လာတော့ကြည့်တယ်။ လှူဖို့ပဲပြောတယ်။ ပစ္စည်းတွေကို ဘယ်လို ထိမ်းသိမ်းရမယ်ဆိုတာမပြောဘူး။ ကျနော်ကတော့ ထိမ်းသိမ်းရမယ့် နည်းစနစ်ကိုသိချင်တယ်။ အခုနည်းစနစ်မသိတော့ဖြစ်သလို သိမ်းရတယ်။ ပျက်စီးမှုတွေ ရှိနိုင်တာပေါ့။ စနစ်တကျ ထိမ်းသိမ်းမှုကိုသိချင်တာ"လို့ ဂေါပကအဖွဲ့ဝင် ဦးကျော်နိုင်ဦးကပြောပါတယ်။ အဆိုပါရှမ်းရွာကြီးရွှေကျောင်းမှာ သက်တန်းခန့်မှန်းလို့မရတဲ့ ဂဋ္ဌုန်နဲ့ နဂါးနှစ်ကောင်ပါ တရားဟောပုလ္လင်တစ်ခု၊ သမင်ရုပ်ပါ သလွန်တစ်ခု၊ မန်ကျည်းစေ့ကမ္မဝါနှစ်ဆူနဲ့ မြန်မာ သက္ကရာဇ်၁၂၅၅/ ၁၂၄၉/ ၁၁၈၂/ ၁၁၉၇/ ၁၂၅၉/ ၁၂၅၂/ ၁၂၁၈/ ၁၂၄၅/ ၁၁၇၅ ခုနှစ်တွေ ရေးထိုးထားထားတဲ့ ဆးကျမ်း၊ ဗေဒင်ကျမ်း အပါအဝင်ပေထုတ်ပေါင်း (၅၄)ဆူကို ကျောင်ထိုင်ဆရာတော်နဲ့ ဂေါပကအဖွဲ့ဝင်တွေက ထိမ်းသိမ်းထားပါတယ်။ သတင်း ကျော်အောင်(ကညွတ်ကွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024