A d v e r t i s e m e n t With Us

ဝေဖန်မှုတွေ မြင့်တက်နေသည့် ခွေးတကောင်လို-အမည်ရ တရုတ်နှစ်ကူးရက်ပ်သီချင်း(ရုပ်သံ)

အငြင်းပွားဖွယ်ဖြစ်နေတဲ့ လူမျိုးရေးခွဲခြားလှောင်ပြောင်သရော်မှုတွေ ပါဝင်တဲ့ ခွေး တကောင်လို-အမည်ရတဲ့ တရုတ်နှစ်ကူးသီချင်းဟာ ဝေဖန်မှုတွေမြင့်တက်နေပြီး လက်ရှိမှာတော့ ဒီသီချင်းကို သီဆိုခဲ့တဲ့ မလေးရှားရက်ပ်အဆိုတော်ကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ရက်ပ်ပါ နမ်းမီဝီဟာ ဒီသီချင်းကို တရုတ်နှစ်ကူးမတိုင်ခင် ရုပ်သံရိုက်ကူးတင်ဆက် ခဲ့တာဖြစ်ပြီး သီချင်းစာသားတွေထဲမှာ မတူကွဲပြားတဲ့ နိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေကြား လှောင်ပြောင်စပ်ဆိုထားခဲ့တာကို တွေ့ရတယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ လက်ရှိမှာတော့ ဒီကိစ္စကို မလေးရှားရဲတပ်ဖွဲ့နဲ့ မလေးဆက်သွယ်ရေးနဲ့ မာလ်တီ မီဒီယာကော်မရှင်တို့ ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ စုံစမ်းစစ်ဆေးရေးမှူး ဗိုလ်ချုပ်ကြီး မိုဟာမက်ဒ် ဖူဇီဟာရမ်က ပြောပါတယ်။ နမ်းမီဝီဟာ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ခွေးမျက်နှာဖုံးတပ်ထားကြတဲ့ တခြားသော အကအဖွဲ့တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားခဲ့တာဖြစ်ပြီး ကြမ်းတမ်းရိုင်းပြတဲ့ ကကွက်တွေနဲ့ သရုပ်ပြထားခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ တရုတ်နှစ်ကူးလာဘ်ကောင်ဟာ ခွေးဖြစ်တာမို့ ခွေးတကောင်လို ဟောင်တဲ့ ပုံစံအသီးသီးနဲ့ သီဆိုသရုပ်ပြထားတာဟာ ခွဲခြားဆက်ဆံမှုတခုဖြစ်တယ်ဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေတာပါ။ လက်ရှိမှာတော့ ဒါကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၈ နဲ့ ၁၉၉၈ ဆက်သွယ်ရေးနဲ့  မာလ်တီမီဒီယာအက်ဥပဒေ ပုဒ်မ ၂၃၃ အရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up