ဆင်ပုံတူပန်းချီ ဆွဲပြသည့် ဆင်လိမ္မာမလေး (ရုပ်သံ)

1.1K
ပန်းချီဆွဲခြင်းအနုပညာဟာ တကယ့်ကို ခက်ခဲလှတဲ့ ဖန်တီးမှုတခုဖြစ်ပြီး လူသား တွေအနေနဲ့တောင် မလွယ်ကူလှပါဘူး။
ဒါပေမယ့် ထိုင်းနိုင်ငံက ဆုဒအမည်ရတဲ့ ဆင်မလေးတကောင်ကတော့ ပန်းချီဆွဲနိုင်တဲ့ ထူးခြားတဲ့ အရည်အချင်းရှိနေခဲ့တာကို တွေ့ရပါတယ်။
သူဟာ ကင်းဗတ်စပေါ်မှာ ပန်းချီဆေးအသုံးပြုပြီး ဆင်ပုံတူ ကောက်ကြောင်း ပန်းချီကို ဘယ်လိုဆွဲနိုင်တယ်ဆိုတာကို ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ကြရမှာပါ။
ဆုဒဟာ ရှေ့မှာထောင်ထားတဲ့ ကင်းဗတ်စရှေ့မှာ ရှိနေခဲ့တာဖြစ်ပြီး ဆင်ထိန်းက ကမ်းပေးတဲ့ စုတ်တံကို နှာမောင်းနဲ့ ယူလိုက်ပြီး ပန်းချီဆွဲခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက ချင်းမိုင်မြို့၊ မယ့်တအန် ဆင်ထိန်းသိမ်းရေးစခန်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ဆင်မလေးရဲ့ အရွယ်ဟာ ၄ နှစ်သာ ရှိခဲ့ ပါသေးတယ်။
လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ တကျော့ပြန်ရေပန်းစားနေခဲ့ကာ ယူကျုဘ်အင်တာနက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။