Home
မြန်မာသတင်း
ရာသီဥတု ဆိုးရွာမှုကြောင့် အီရန်ပျက်ကျလေယာဉ် ရှာဖွေမှု အခက်အခဲရှိနေ
DVB
·
February 19, 2018
အီရန် လေယာဉ်ပျက်ကျမှုအတွက် ရှာဖွေရေးလုပ်ဆောင်ရာမှာ ဆိုးရွားတဲ့ ရာသီဥတုကြောင့် လုပ်ငန်းစဉ်တွေ အဟန့်အတား ဖြစ်နေရတယ်လို့ အစိုးရရုပ်သံက ပြောပါတယ်။ အီရန်အလယ်ပိုင်းက ရှာဖွေရေးအဖွဲ့ဟာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၆၅ ယောက်ပါတဲ့ လေယာဉ် ATR 72 ပျက်ကျတဲ့နေရာကိုရှာဖို့ ဖေဖော်ဝါရီ ၁၈ ရက်က ကြိုးစားနေတာပါ။ အင်ဂျင် ၂ လုံးတပ် လေယာဉ်ဟာ မြို့တော် တီရန်ကနေ နိုင်ငံရဲ့ အနောက်တောင်ပိုင်းက ယာဆွတ်ခ်ျမြို့ကို သွားဖို့ ပျံတက်ခဲ့တာပါ။ ယာဆွတ်မြို့ မရောက်ခင် ၁၄ မိုင်အကွာ ဆယ်မီရွန်မြို့နားမှာ ပျက်ကျခဲ့တယ်လို့ အရေးပေါ်ဌာန ပြောခွင့်ရက ISNA သတင်းဌာနကို ပြောပါတယ်။ အရေးပေါ်ဌာန အရာရှိ အယောက် ၁၀၀ ကျော်က ပျက်ကျတဲ့နေရာကို တနင်္ဂနွေ မွန်းလွဲ ပိုင်းမှာ ရှာနေပေမယ့် တောင်ထူတဲ့ ဒေသအတွင်း ရာသီဥတု ဆိုးနေတာကြောင့် မရှာနိုင်သေးဘူးလို့ အစိုးရရုပ်သံက အစီရင်ခံပါတယ်။ နောက်ဆုံးရ အခြေအနေအရ လေယာဉ်ဟာ ပဒေနာခရိုင် ဘစ်ဒါနဲ့ ခါဟန်ဂံ ရွာ ၂ ရွာ ကြားမှာ ပျက်ကျခဲ့ပုံရတယ်လို့ အရာရှိ မီယာအလီဇာဒါက ပြောပါတယ်။ တောင်ထူတဲ့ ဒေသအတွင်း လမ်းကြောင်းရှာတဲ့ နေရာမှာ အရေးပေါ်အဖွဲ့ကို ကူညီဖို့ ဒေသခံ တောင်တက်သမား အယောက် ၇၀ ကိုလည်း စည်းရုံးနေတယ်။ ရဟတ်ယာဉ်တွေကို ၂ ကြိမ်လွှတ်ပေမယ့် ရာသီဥတု ဆိုးရွားနေလို့ အဆင်သင့်ပြင်ပြီး မိုးလေဝသ အခြေအနေ ကောင်းလာတာကို စောင့်နေတယ်လို့ သူက ဆက်ပြောပါတယ်။ ပျက်ကျလေယာဉ်ကို ထုတ်လုပ်တဲ့ ပြင်သစ်အခြေစိုက် ATR ကုမ္ပဏီကိုလည်း ကိုယ်စားလှယ်တွေ အီရန်စေလွှတ်ဖို့ အီရန် အရာရှိတွေက ဆက်သွယ်ထားပြီလို့ အစိုးရ ရုပ်သံက အစီရင်ခံပါတယ်။ ပျက်ကျလေယာဉ်ဟာ သက်တမ်း ၂၅ နှစ် ရှိပြီလို့ ဘီဘီစီ သတင်းဌာနက အစီရင်ခံပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024