Home
မြန်မာသတင်း
တနင်္သာရီမြစ်အတွင်းမှ လျှပ်စစ်ထုတ်ယူရန် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ပြော
DVB
·
February 19, 2018
ပညာရှင်တွေနဲ့ တိုင်ပင်ပြီး တနင်္သာရီမြစ်အတွင်းကနေ လျှပ်စစ်ထုတ်ယူရေး ဆောင်ရွက်ကြဖို့ လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်ပါတယ်။ တနင်္သာရီမြစ်နဲ့ ကျွန်းစုမြို့နယ်ရှိ LNG နဲ့ လျှပ်စစ် ထုတ်ယူမယ့်နေရာတွေကို ကွင်းဆင်းလေ့လာပြီးနောက် လျှပ်စစ်နှင့်စွမ်းအင်ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အခုလို ပြောကြားလိုက်တာပါ။ "ဒီမှာက လျှပ်စစ် ဒီလောက်တောင် ရှားနေတာ နည်းလမ်းတွေတော့ စဉ်းစားမှရမယ်။ မြစ်ထဲက ထုတ်ယူတဲ့ နည်းစနစ်တွေ ရှိပါတယ်။ ပညာရှင်တွေနဲ့တိုင်ပင်ပြီး တဆင့်ချင်း လုပ်ကြပါ။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်ပြီး ထုတ်ယူလို့ရတဲ့ နည်းစနစ်တွေ ရှိပါတယ်။ မြစ်အောက်ကို စက်ကြီးထည့်လိုက်မယ်၊ မြစ်ကို ခဏပိတ်လိုက်မယ်၊ ပြီးတော့ ပြန်စီးဆင်းစေလိုက်မယ်၊ မြစ်က မြစ်အတိုင်းပဲ၊ သဘာဝအလျောက် စီးဆင်းနေမယ်၊ ရေစီးအားနဲ့ စက်က လည်ပတ်ပြီး လျှပ်စစ်ထုတ်ယူလို့ရတယ်။ အမြဲတမ်း ထုတ်နေလို့ရတယ်။ စရိတ်နည်းနည်းကြီးမယ်၊ ဒါပေမယ့် ရေရှည်ထုတ်လို့ရတယ်၊ ဒီနည်းကို လုပ်ကြည့်ပါ။" မဟာဓာတ်အားပေးလိုင်း မရောက်ရှိတဲ့ တနင်္သာရီမြို့နယ်အတွက် မြစ်အတွင်းမှ လျှပ်စစ် ထုတ်ယူနိုင်မယ့် နည်းလမ်းကို အဓိကထား လုပ်ဆောင်ရန် ပြောကြားခဲ့ပြီး ဒေသခံတွေကတော့ မြစ်ဖျားပိုင်းမှာ ဆည်ဆောက်ပြီး လျှပ်စစ်ထုတ်ယူမယ့်နည်းကို ကန့်ကွက်ထားတယ်လို့ သိရပါတယ်။ ဝန်ကြီးနဲ့အဖွဲ့က ဖေဖော်ဝါရီ ၁၇ နဲ့ ၁၈ ရက်နေ့တွေက တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ကို လာရောက်ခဲ့တာဖြစ်ပြီး ကျွန်းစုမြို့နယ်အတွင်း မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ ဂက်စ်အရည် LNG နဲ့ လျှပ်စစ်ထုတ်ယူမယ့် စီမံကိန်းကိုလည်း သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။ ၆၁၀ မဂ္ဂါဝပ်ထုတ်ယူမယ့် အဆိုပါစီမံကိန်းမှာ ကျွန်းတွေနဲ့ ပင်လယ်ကို ဖြတ်သန်းပြီး မြိတ်ခရိုင်အတွင်းကို လျှပ်စစ်ဖြန့်ဖြူးမယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024