Homeမြန်မာသတင်း
မြင်းခြံတွင် နိုင်ငံရေးအကျဉ်းသားဟောင်းမိသားစုဝင်များ ပေးဆပ်သူတို့စကားဝိုင်းကျင်းပ
မြင်းခြံတွင် နိုင်ငံရေးအကျဉ်းသားဟောင်းမိသားစုဝင်များ ပေးဆပ်သူတို့စကားဝိုင်းကျင်းပ
DVB
·
February 19, 2018
နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အကျဉ်းကျခံခဲ့ရတဲ့ မိသားစုဝင်တွေနဲ့ ရန်ကုန် ဝိမုတ္တိအမျိုးသမီးအဖွဲ့က ကြီးမှူးကာ ပေးဆပ်သူတို့စကားဝိုင်း တစ်ခုကို မန္တလေးတိုင်းဒေကြီး မြင်းခြံမြို့မှာ ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပခဲ့ပါတယ်။
ဝိမုတ္တိအမျိုးသမီးအဖွဲ့ အမှုဆောင် ဒါရိုက်တာဒေါ်ခင်မိမိခိုင် က "ခေတ်ကာလ အဆက်ဆက်က မြန်မာ့ဒီမိုကရေစီဖော်ဆောင်မှုအတွက် ပေးဆပ်ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသူဟောင်းတွေနဲ့ နိုင်ငံရေးအကျဉ်း မိသားစုဝင် အမျိုးသမီးတွေရဲ့ အသံတွေကို မြှင့်တင်သွားဖို့ပါပဲ။ ခေတ်အဆက်ဆက်က မြန်မာ့ဒီမိုကရေစီဖော်ဆောင်မှုအတွက် ပေးဆပ်ခဲ့သူများရဲ့ အတိတ်ကာလ အဖြစ်အပျက်တွေ ထုတ်ဖော်ပြောဆိုခြင်း ၊ ပျောက်ဆုံးနေတဲ့ အမှန်တရားနဲ့ လူမှုတရားမျှတမှုကို ပြန်လည်ရှာဖွေဖို့နဲ့၊ မြန်မာပြည်သူလူထုအပေါ် လူမဆန်စွာ ရက်စက်လှတဲ့ ဖိနှိပ်ညှင်းပန်းမှုတွေကို သင်ခန်းစာယူပြီး နောင် အနာဂတ်မှာ ထပ်မံမဖြစ်ပေါ်စေရန် အတွက် ခုလို စကားဝိုင်းတွေကျင်းပတာ”လို့ပြောပါတယ်။
မြင်းခြံမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရေ ၄၀ ကျော်ရှိပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ ဝိမုတ္တိအမျိုးသမီးအဖွဲ့ဟာ ပထမဆုံးအကြိမ် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိန်မြင့်က "မြင်းခြံမှာ ခုလိုနိုင်ကျဉ်းမိသားစုတွေရဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံတာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး လောက တစ်လျှောက်လုံးကို ကြည့်လိုက်ပါ။ နိုင်ငံရေးသမားတွေရဲ့ မိသားစုဝင်တွေကို သက်သက်တွေ့တဲ့ ပွဲမျိုးလုပ်တာမရှိခဲ့ပါဘူး။ တကယ်တမ်းတော့ နိုင်ငံရေးသမားတစ်ယောက်ကို ရပ်တည်နိုင်ဖို့ အတွက် ဘေးကနေ ပံ့ပိုး ကူညီခဲ့တာ အဲ့ဒီနိုင်ငံရေးသမားနဲ့ မိသားစု ၊ အထူးသဖြင့် သူတို့ရဲ့ ဇနီး ၊ အမျိုးသမီးဆိုရင် သူတို့ရဲ့ ခင်ပွန်းတို့က ရပ်တည်ပေးခဲ့ကြလို့ နိုင်ငံရေးကိုပါဝင်ဆောင်ရွက် နိုင်ခဲ့တာပါ”လို့ပြောပါတယ်။
ပေးဆပ်သူတို့ စကားဝိုင်းမှာတော့ မြင်းခြံမြို့ရှိ အကျဉ်းကျခံနိုင်ငံရေးသမားတွေရဲ့ ဇနီးတွေကလည်း အမျိုးသမီးတွေရဲ့ ဘဝခက်ခဲကြမ်းတမ်းမှုတွေကို ကြံ့ကြံ့ခိုင် ရပ်တည် ဖြတ်သန်းခဲ့ရတဲ့ အကြောင်းတွေ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
စကားဝိုင်းကို နိုင်ငံရေးသမား မိသားစုဝင်တွေနဲ့ စိတ်ပါဝင်စားသူ ဦးရေ ၁၀၀လောက် တက်ရောက်ခဲ့ကြပါတယ်။ ဝိမုတ္တိအမျိုးသမီးအဖွဲ့အနေနဲ့ ခုလို နိုင်ကျဉ်းမိသားစုတွေနဲ့ စကားဝိုင်း ကျင်းပလာတာဟာ မြင်းခြံ အပါအဝင် ၁၁ ကြိမ် မြောက်ရှိပြီလို့လည်း သိရပါတယ်။
သတင်း ရီရီထွန်း (မြင်းခြံ )