A d v e r t i s e m e n t With Us

အိန္ဒိယဘဏ်များမှ ကန်ဒေါ်လာ ၁.၈ ဘီလီယံဖိုး လိမ်လည်မှုဖြင့် လူ ၃ ဦးကို ဖမ်းဆီး

အိန္ဒိယဘဏ်တွေကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံဖိုး လိမ်လည်မှုနဲ့ လူ ၃ ယောက် အဖမ်းခံရပါတယ်။ အိန္ဒိယ ပြည်ထောင်စု ရဲတပ်ဖွဲ့ဟာ အစိုးရဘဏ်ဖြစ်တဲ့ ပန်ဂျပ်ပြည်နယ် အမျိုးသားဘဏ် ဝန်ထမ်း ၂ ယောက်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဖမ်းလိုက်ပါတယ်။ ဒါဟာ နိုင်ငံအတွင်း အကြီးဆုံးရိုက်စားလုပ်မှုအတွင်း ပထမဆုံး ဖမ်းဆီးမှုလို့ ချေးငွေ ထုတ်ပေးပြီး ဓားစာခံဖြစ်ရတဲ့ အစိုးရဘဏ်က ပြောပါတယ်။ ကျောက်မျက်ရတနာလုပ်ငန်းရှင် ကုဋေကြွယ် သူဌေး နီရတ်ဗ်မိုဒီနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေနဲ့ ကျောက်မျက်လက်ကားရောင်းသူ ဂီတန်ဂျလီ၊ အဲဒီနောက် မိုဒီရဲ့ ဦးလေးဖြစ်သူ မေဟူးလ်ချိုစီတို့နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေအတွက် ချေးငွေအတု ဖန်တီးမှုနဲ့ သံသယရှိသူ ၂ ယောက်ကို ဖမ်းခဲ့တာပါ။ နီရတ်ဗ်မိုဒီနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေအတွက် တရားဝင်ခွင့်ပြုချက် လက်မှတ်ထိုးခဲ့သူလို့ သံသယရှိထားတဲ့ တတိယလူ ဟေမန့် ဘတ်ကိုလည်း အိန္ဒိယ ဗဟိုထောက်လှမ်းရေး ဗျူရိုက ဖမ်းခဲ့ပါတယ်။ သူတို့ ၃ ယောက်စလုံးဟာ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်မှာ မွမ်ဘိုင်းမြို့ တရားရုံးကို ရောက်လာပါတယ်။ သူတို့ကို စုံစမ်းစစ်ဆေးဖို့ မတ်လ ၃ ရက်နေ့ထိ ရဲအချုပ်ထဲမှာ နေဖို့ အမိန့်ချထားပါတယ်။ တရားစွဲတာတော့ မလုပ်ရသေးပါဘူး။ အိန္ဒိယရဲ့ အဓိကအတိုက်အခံ ကွန်ဂရက် ပါတီခေါင်းဆောင် ရာဟူးလ် ဂန်ဒီကတော့ ဝန်ကြီးချုပ်က ဒီအရေးကို မိန့်ခွန်းပြောပြီး ဘယ်လိုဖြစ်တယ်ဆိုတာ ရှင်းပြဖို့ ဆော်သြပါတယ်။ ဘဏ်မှာ ငွေအပ်သူတွေအတွက် တာဝန်ခံပေးဖို့ ဝန်ကြီးချုပ်ဟာ ပျက်ကွက်ခဲ့တယ်လို့လည်း ပြောပါတယ်။ အိန္ဒိယရဲ့ ဒုတိယအကြီးဆုံး အစိုးရဘဏ်ဟာ အကြီးအကျယ် အလိမ်ခံရတယ်လို့ လွန်ခဲ့တဲ့ ၂ ရက်က ပြောခဲ့တာပါ။ ဒါကြောင့် ရှယ်ယာငွေ ဈေးနှုံးလည်း ထိုးကျခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up