Home
မြန်မာသတင်း
အသိပညာအားနည်းမှုနှင့် မုဒိမ်းမှုများကြောင့် စွန့်ပစ်ခံကလေး ပိုများလာ
DVB
·
February 18, 2018
မြန်မာနိုင်ငံမှာ စွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးတွေ အရင်ထက်ပိုများပြားလာပြီး အများစုမှာ မျိုးဆက်ပွားအသိပညာအားနည်းမှု၊ မုဒိန်းမှုတွေနဲ့ ဆင်းရဲနွမ်းပါးမှုတွေကြောင့် ဖြစ်တယ်လို့ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်း ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဌ ဒေါ်မေယဉ်ထွန်းက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့က မော်လမြိုင်တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လူမှုအဖွဲ့ရဲ့ တတိယအကြိမ် ပညာပေးလှုပ်ရှားမှုမှာ အခုလိုပြောကြားခဲ့တာပါ။ “ကျမတို့အားလုံး ဆေးရုံတွေကို ကနဦး သွားလေ့လာပါတယ်။ ဆေးရုံ သုံးလေးငါးခုမှာ စွန့်ပစ်ခဲ့ရတဲ့ ကလေးတွေ များလာပါတယ်။ ဆေးရုံတွေမှာထက် အပြင်ပုဂ္ဂလိကတွေမှာ ပိုများပါတယ်။ လူမှုဝန်ထမ်းမှာ မှတ်ပုံတင်ထားတဲ့ ပရဟိတ ပုဂ္ဂလိကတွေဆိုရင် ၂၄၄ ခုလောက်ရှိပါတယ်။ မှတ်ပုံမတင်ထားတဲ့ အဖွဲ့တွေလည်း ၃၀၀ ကျော်လောက်ရှိသေးတယ်။ ပြန်ပြီးလေ့လာကြည့်လိုက်ရင် မိဘမဲ့ကလေးတွေကို အများကြီးပဲ တွေ့ရပါတယ်။ ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုရင် တချို့ကျတော့လည်း မျိုးဆက်ပွား အသိပညာတွေ မသိတဲ့အခါကျတော့ ကိုယ်ဝန်ရရှိသွားတာတွေ၊ တချို့ကျတော့လည်း အဓမ္မမုဒိန်းကျင့်မှုတွေ၊ တချို့ကျတော့လည်း ဆင်းရဲနွမ်းပါးလို့ မကျွေးနိုင်တော့လို့ ပစ်တာတွေလည်းရှိပါတယ်။” ဒါ့အပြင် စွန့်ပစ်ခံ ရင်ခွင်မဲ့ကလေးတွေ လျော့ကျလာစေဖို့ တက္ကသိုလ်ကျောင်းတွေမှာ အသိပညာပေးလုပ်ငန်းတွေ ဆက်လက်လုပ်ရှားသွားမှာဖြစ်ပြီး အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်ကိုယ် တန်ဖိုးထားဖို့နဲ့ အမျိုးသားတွေလည်း မူးယစ်ဆေးဝါး မသုံးစွဲမိစေဖို့ သတိထားဖို့ လိုတယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ “ဒီကိစ္စက အမျိုးသမီးတွေချည်းပဲ မဟုတ်ဘဲ အမျိုးသားတွေအပေါ်မှာလည်း မူတည်နေပါတယ်။ ဆရာမတို့ စဉ်းစားမိတာကတော့ အသိပညာပေးလိုက်လို့ရှိရင် လျော့ကျနိုင်တယ်။ ဆင်းရဲနွမ်းပါးမှုကို မြှင့်တင်ပေးလိုက်ရင်လည်း လျော့ကျနိုင်တယ်။ ဆေးဝါးသုံးစွဲတာတွေနဲ့ ပတ်သက်ပြီး မတော်တရော် ဖြစ်တာတွေလည်း ရှိပါတယ်။ ဒါတွေအားလုံးကို လျှော့ချလိုက်မယ်ဆိုရင် လျော့ကျလာနိုင်ပါတယ်။ အမျိုးသမီးတွေလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားဖို့၊ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး လွယ်လွယ်ကူကူ ပေါ့ပေါ့တန်တန်မနေဖို့၊ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့၊ အမျိုးသားလေးတွေလည်း ဒါတွေနားလည်ပြီး မူးယစ်ဆေးဝါးတွေ မသုံးစွဲကြဖို့ တိုက်တွန်းလိုပါတယ်။” မုဒိန်းမှုဖြစ်ပွားတာတွေကလည်း မိဘမဲ့ကလေး တိုးပွားလာစေတဲ့ အချက်တစ်ချက်ဖြစ်ပြီး အရင်က အရှက်တရားတွေကြောင့် တိုင်ကြားတဲ့အဆင့်ထိ မရောက်ရှိခဲ့ဘဲ ပျောက်ပျက်သွားတဲ့ အမှုတွေရှိခဲ့ပေမယ့် လက်ရှိမှာ ပြောင်းလဲမှုတချို့ရှိနေပြီဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖခင်က စွန့်ပစ်ခဲ့ပေမယ့်လည်း မိခင်က ဘ၀ကို အရှုံးမပေးဘဲ ပြန်ထကြဖို့ အမျိုးသမီးအဖွဲ့တွေကလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ အခရာအမျိုးသမီးအဖွဲ့မှ Project Coordinator မပပ က “စွန့်ပစ်ကလေးတွေ ပတ်သက်ပြီး အမျိုးသမီးတွေက အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရသွားနိုင်တယ်။ နိုင်ငံတော်အစိုးရကလည်း ဒီလိုအမျိုးသမီးတွေအတွက် ကာကွယ်မှုတွေ လုပ်ပေးနေတယ်။ တခြားအဖွဲ့အစည်းတွေလည်း ၀န်ဆောင်မှုတွေ လုပ်ပေးနေတယ်။ ဘ၀မှာ ဒါက စိတ်ညစ်စရာ အိပ်မက်ဆိုးကြီးတခုပဲ။ ဒါပေမယ့် ဒီတစ်ခါတည်းနဲ့ ဘ၀မှာ ချော်လဲသွားပေမယ့် မထဘဲနဲ့ မနေလိုက်ပါနဲ့၊ ပြန်ထပါ။ ကိုယ့်အတွက် ကိုယ်ပြန်ထရမယ်။ ကိုယ့်ရဲ့ရင်သွေးငယ်အတွက် ပြန်ထပါ။ ရှုံးသွားတာမဟုတ်ဘူး။ ပြန်ရုန်းထဖို့ ကြိုးစားပါလို့” လို့ပြောပါတယ်။ အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့မှ တာဝန်ရှိသူတွေ၊ အမျိုးသမီးအဖွဲ့တွေ၊ တက္ကသိုလ်အသီးသီးမှ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေနဲ့ အနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပြီး ပညာပေးတစ်ခန်းရပ်ပြဇာတ်တွေ၊ ဖျော်ဖြေရေးသီချင်းနဲ့ အကတွေ၊ ဉာဏ်စမ်းပဟေဋ္ဌိအစီစဉ်တွေ တင်ဆက်ခဲ့ကြပါတယ်။ အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024