Live
Home
မြန်မာသတင်း
“ငါမင်းကို မကိုက်ပါဘူး၊ မစိုးရိမ်ပါနဲ့ သမင်ငယ်”
DVB
·
February 18, 2018
တောဆိတ်အမျိုးအနွယ် သမင်ပေါက်လေးက သဘာဝအရ ခြင်္သေ့တွေရဲ့ သားကောင်ဆိုပေမယ့် အခြားပြိုင်ဘက် ခြင်္သေ့ထီးတကောင်က သူမရဲ့သားပေါက်လေးတွေကို သတ်စားလိုက်လို့ ခြင်္သေ့မကြီးက တောဆိတ်ပေါက်လေးကို သူမ ကလေးသဖွယ် မွေးစားစောင့်ရှောက်လိုက်နေတာကို တွေ့ရပါတယ်။ ဓာတ်ပုံတပုံထဲမှာတော့ ခြင်္သေ့မကြီးက သူ့အစာနဲ့ ကစားနေတယ်လို့ ထင်မြင်ကြပါလိမ့်မယ်။ ဒါပေမယ့် ပုံတွေကို ဆက်ကြည့်တဲ့အခါမှာတော့ တောဘုရင်ခြင်္သေမကြီးက တောဆိတ်/ဂေဇဲဆိတ်သမင်ငယ်ကို သူမရဲ့ သားသမီးသဖွယ် စောင့်ရှောက်နေတာကို ထူးခြားပြောင်မြောက်တဲ့ ဓာတ်ပုံတွေထဲ တွေ့ရမှာပါ။ အနောက်တောင်အာဖရိကတိုက် နမ်ဘီးယားနိုင်ငံက အီတိုရှာအမျိုးသား ပန်းခြံထဲမှာ ခြင်္သေမကြီးက တောဆိတ်ကလေးကို ချစ်စဖွယ် ဖက်ထားပြီး လျှာနဲ့လျက်ကာ သန့်ရှင်းပေး၊ ဘေးအန္တရာယ်တွေကနေ ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ထူးခြား မြင်ကွင်းတွေကို ဂေါ်ဒွန်ဒိုနိုဗန်ဆိုတဲ့ ဓာတ်ပုံဆရာမက မှတ်တမ်းတင်ခဲ့တာပါ။ ခြင်္သေ့မကြီးက အစာရှာနေတဲ့ ကိုယ်ဝန်ဆောင် ခြင်္သေ့မတွေ ချဉ်းကပ်လာတဲ့ ရန်ကနေတောင် တောဆိတ်ပေါက်လေးကို ကာကွယ်ပေးခဲ့ပါတယ်။ နယူးယော့ခ်က လာတဲ့ ဓာတ်ပုံဆရာမ ဒိုနိုဗန်က “တကယ့်ကို ထူးခြားဆန်းပြားတဲ့ မြင်ကွင်းကို မျက်မြင်မြင်တွေ့လိုက်ရတာပါ။ ခြင်္သေ့တွေကို ကျမ စိတ်လှုပ်ရှားနေပြီး ခြင်္သေ့မကြီးက တောဆိတ်လေးကို ဖမ်းလိုက်တော့ သတ်တော့မယ်ဆိုပြီး ကျမ စောင့်ကြည့်နေတာ။ ဒါပေမယ့် မသတ်ဘဲနဲ့ ခြင်္သေ့မကြီးက သားပေါက်လေးကို သန့်ရှင်းရေး လုပ်ပေးနေတယ်။ ဒါက အမတန်ဆန်းကြယ်တဲ့ သဘာဝပဲ။ နောက်ဘာဖြစ်မယ်ဆိုတာ ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။ “ပြီးတော့ ခြင်္သေ့မကြီးက သူမွေးစားလိုက်တဲ့ တောဆိတ်သားပေါက်လေးကို အခြား ခြင်္သေ့တွေ ရန်ကနေလည်း ကာကွယ်ပေးသေးတယ်။ ကျမ အာဖရိက သွားတုန်း ဒီမြင်ကွင်း အခိုက်အတန့်လေးကို ဓာတ်ပုံရိုက်နိုင်ခဲ့တာ” လို့ ဓာတ်ပုံဆရာမ ပြောပြတာကို ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖော်ပြထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024