မွေးကင်းစကလေးကို လည်ပင်းညှစ်သတ်မှုဖြင့် ထောင်ကျနေသည့် အမျိုးသမီး ပြန်လွတ်

အယ်လ်ဆာဗေဒိုနိုင်ငံ အစိုးရက ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်တဲ့ ဥပဒေတွေကြောင့် ထောင်ဒဏ်ကျခံနေရတဲ့ အမျိုးသမီးကို ထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ တရားမဝင် ကိုယ်ဝန်ဖျက်ချမှုကြောင့် ထောင်ဒဏ် နှစ် ၃၀ ကျခံနေရတဲ့ တီယိုဒိုရာ ဗက်စ်ကွက်ဇ် (Teodora Vasquez) ဟာ တရားရုံးချုပ်က ထောင်ဒဏ်ကို လျှော့ပေါ့ပေးအပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထောင်ကနေ လွတ်မြောက်လာတာပါ။ ၁၉၉၇ ခုနှစ်တည်းက အယ်လ်ဆာဗေဒိုနိုင်ငံဟာ ကိုယ်ဝန်ဖျက်ချသူ အမျိုးသမီးတွေ ဒါမှမဟုတ် ကိုယ်ဝန်ဖျက်ချဖို့ သူများတွေကို ကူညီတဲ့သူလို့ သံသယရှိသူတွေကို အရေးယူဖို့ ကမ္ဘာ့အပြင်းထန်ဆုံး ဥပဒေတွေ ချမှတ်ခဲ့တာပါ။ အသက် ၃၄ နှစ်အရွယ် စားဖိုမှူး အမျိုးသမီး တီယိုဒိုရာ ဗက်စ်ကွက်ဇ်ဟာ သူ့ကလေးကို ၂၀၀၇ ခုနှစ်မှာ မွေးပြီးပြီးချင်း လည်ပင်းညှစ်သတ်ခဲ့တယ်လို့ အစိုးရရှေ့နေက ဆိုပါတယ်။ အမျိုးသမီးရဲ့ ရှေ့နေကတော့ သူ့အမှုသည်မှာ ကျန်းမာရေးရှုပ်ထွေးမှုနဲ့ မွေးဖွားချိန် ဒုက္ခတွေ ရှိနေခဲ့တယ်လို့ ပြောပါတယ်။ အောက်ရုံးကချမှတ်ခဲ့တဲ့  နှစ် ၃၀ ထောင်ဒဏ်ကို အယူခံဝင်အပြီးမှာ အယ်လ်ဆာဗေဒိုရဲ့ အမြင့်ဆုံး တရားရုံးချုပ်က သူ့အတွက် ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ပါတယ်။ သူဟာ ထောင်ထဲမှာ ဆယ်နှစ်ကျော် နေခဲ့ရပြီးပါပြီ။ မိသားစုဆီ ပြန်နိုင်တော့မှာမို့ အင်မတန်ပျော်တယ်။ သူတို့နဲ့ခွဲနေရတာ ၁၀ နှစ် ၇ လ ရှိပြီလို့ လွတ်မြောက်လာသူ ဗက်စ်ကွက်ဇ်က ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) ကတော့ ဆုံးဖြတ်ချက်က အားတက်စရာဖြစ်ပေမယ့် ဒီအမှုနဲ့အတူ ဒီဥပဒေလည်း အဆုံးသတ်သင့်တယ်လို့ ပြောပါတယ်။ နိုင်ငံတွင်းမှာ တခြား အမျိုးသမီး အနည်းဆုံး ၂၇ ယောက်လည်း ထောင်သွင်း အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up