သမ္မတထရမ့်၏ ဗီတိုအာဏာကြောင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေကြမ်း ပျက်ပြယ်

သမ္မတဒေါ်နယ်ထရမ့်က  ဗီတိုအာဏာသုံးပြီး ပယ်ချမယ်လို့ပြောလိုက်တာကြောင့် အမေရိကန်ကို ကလေးငယ်ဘဝကတည်းက ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေကို အကာအကွယ်ပေးရေးနဲ့ ပတ်သက်တဲ့ ဆီးနိတ်လွှတ်တော်ရဲ့ ဥပဒေကြမ်း ပျက်ပြယ်သွားခဲ့ပါတယ်။ ဒရင်းမာ လို့ခေါ်တဲ့ ကလေးဘဝကတည်းက အမေရိကန်ကို ရောက်ရှိအခြေချ နေထိုင်နေသူတွေကို အကာအကွယ်ပေးမယ့် ဥပဒေကြမ်းကို  ဆီးနိတ်လွှတ်တော်က ပြဋ္ဌာန်းဖို့ ကြိုးစားနေတာဖြစ်ပြီး  ဖေဖော်ဝါရီလ ၁၅ ရက်က မဲခွဲဆုံးဖြတ်ရာမှာ ဥပဒေကြမ်းပြုဖို့ လုံလောက်တဲ့ ထောက်ခံမဲ ၆၀ မရခဲ့တာကြောင့် ဥပဒေကြမ်း တင်သွင်းနိုင်ခြင်းမရှိခဲ့တာပါ။ အဲဒီဥပဒေနဲ့ ပတ်သက်တဲ့ အဆိုပြုချက် ၄ ခုထဲမှာ ၁ ခုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံပေးထားတဲ့ အဆိုဖြစ်ပြီး၊ ကျန် ၂ ခုမှာ ဆီးနိတ်လွှတ်တော်တွင်း ပါတီကြီး နှစ်ရပ်က တင်သွင်းခဲ့တဲ့ အဆိုတွေဖြစ်ပါတယ်။ ဆီးနိတ်လွှတ်တော် ပါတီကြီး နှစ်ရပ်ကတင်သွင်းတဲ့ အဆိုပြုချက်ဟာ “ကပ်ဘေးဆိုက်တာဖြစ်တယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြစ်တင်ပြောကြားခဲ့ပြီး၊ အဲဒီဥပဒေကို သမ္မတက ဗီတိုအာဏာသုံးမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာပါ။ အခုလို ဥပဒေပြဋ္ဌာန်းနိုင်ခြင်းမရှိတာကြောင့် အမေရိကန်ကို ကလေးဘဝကတည်းက တရားမဝင်ရောက်ရှိနေတဲ့ လူငယ် ၁ ဒသမ ၈ သန်းရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်သွားစေခဲ့ပါတယ်။ သူတို့ဟာ အရင်သမ္မတ အိုဘားမားရဲ့ အစီအစဉ်အရ နိုင်ငံကို ပြန်ပို့ခြင်းကနေ အကာအကွယ်ရရှိထားပေမယ့် လက်ရှိသမ္မတ ထရမ့်က အဲဒီအကာအကွယ်ပေးမှုကို အခုနှစ် မတ်လ ၅ ရက်နေ့မှာ အဆုံးသတ်ဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up