Home
မြန်မာသတင်း
ပြည်တွင်းငြိမ်းချမ်းရေးရှိမှ မြေမြုပ်မိုင်းအန္တရာယ် ပြည်သူလူထု ကင်းလွတ်နိုင်မည်
DVB
·
February 17, 2018
ပြည်တွင်းငြိမ်းချမ်းရေးရှိမှ မြေမြှုပ်မိုင်းရဲ့အန္တရာယ်တွေကနေ ပြည်သူတွေ ကင်းလွတ်နိုင်မယ်လို့ ကေအန်ယူ လူ့အခွင့်အရေးကော်မတီက ပြောကြားလိုက်ပါတယ်။ ဘားအံမြို့၊ GABANNA ဟိုတယ်မှာ ပြုလုပ်တဲ့ မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းအဖွဲ့၊ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ Dr. Ed Marta က အခုလို ပြောကြားလိုက်တာပါ။ “ကျနော်တို့ ညီအစ်ကို မောင်နှမတွေဖြစ်နေတဲ့ ပဋိပက္ခကို ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းကျရမယ့်အစား ကျနော်တို့ အကြမ်းဖက်ဝါဒတွေ သုံးတော့ အဲဒီကနေ မြေမြှုပ်မိုင်းတွေဖြစ်လာပြီး ပြည်သူလူထုတွေအတွက် ဒုက္ခရောက်နေတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရှိမှ ပြည်သူလူထုတွေ မြေမြှုပ်မိုင်းရဲ့အန္တရာယ်တွေကနေ ကင်းလွတ်နိုင်မယ်။” လက်နက်ကိုင် ပဋိပက္ခတွေမှာရှိတဲ့ ပြည်သူတွေ အထူးသဖြင့် မိုင်းအန္တရာယ်တွေကို ကြုံတွေ့နေရဆဲလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေမှူးချုပ် ဦးအောင်ကျော်မိုးက ပြောပါတယ်။ “အထူးသဖြင့် ကျနော်တို့နိုင်ငံမှာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနေရာတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေကျတယ်။ အခုဆိုလို့ရှိရင် ကချင်ပြည်နယ်မှာဆိုရင် အများဆုံးဖြစ်နေတာပေါ့။ အန်စီအေ (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) မှာလည်း လက်မှတ်ထိုးခြင်းမရှိသေးဘူး။ ဒီလို လက်နက်ကိုင်ပဋိပက္ခတွေမှာရှိတဲ့ ဒီပြည်သူတွေနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် မိုင်းအန္တရာယ်တွေက ကြုံတွေ့နေရဆဲဖြစ်တယ်။” အစည်းအဝေးကို စစ်လက်နက်ကျန်မိုင်းတွေနဲ့ ပတ်သက်ပြီး ဗဟိုအဆင့်မှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ၊ မိုင်းအန္တရာယ်ရှိတဲ့ ပြည်နယ် တိုင်းဒေသကြီးတွေမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်ချပြရှင်းလင်းဖို့၊ ကရင်ပြည်နယ်အတွင်း မိုင်းအသိပညာပေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်နိုင်ဖို့၊ မိုင်းကြောင့် ထိခိုက်ခဲ့တဲ့ လူတွေကို အကူအညီပေးရေးနဲ့ ပြည်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာပါ။ တ​နိုင်​ငံလုံးအတိုင်းအတာနဲ့ မိုင်းအန္တရာယ်ကြောင့် ၂၀၁၆ ခုနှစ်မှာ မိုင်းထိခိုက်မှုအကြိမ် ၉၃ ကြိမ်၊ ဒဏ်ရာရရှိသူ ၁၂၀ နဲ့ သေဆုံးသူ ၄၃ ယောက်ထိရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ မိုင်းထိခိုက်မှု ၈၂ ကြိမ်၊ ဒဏ်ရာရရှိသူ ၈၉ ယောက်နဲ့ သေဆုံးသူ ၃၇ ယောက်ထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ယောက်မှာ ၁ ယောက်က ကလေးသူငယ်တွေဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ကရင်ပြည်နယ်အတွင်း မိုင်းအသိပညာပေးခြင်း လုပ်ငန်းတွေကို နိုင်ငံတကာမိုင်းပညာရှင်များပါဝင်ဖွဲ့စည်းထားတဲ့ Dan Church Aid(DCA)၊ The Halo Trust, MAG အဖွဲ့တွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်နိုင်ခဲ့သလို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့  UNICEF အဖွဲ့ရဲ့ပံ့ပိုးမှုနဲ့ ဌာနဆိုင်ရာဝန်ထမ်း ၆၆ ယောက်၊ ဆရာ ဆရာမ ၂၃၂ ယောက်ကို မိုင်းအန္တရာယ် အသိပညာပေး သင်တန်းပို့ချပြီး၊ ကလေးငယ် ၁၀၁၆၈ ယောက်ကို အသိပညာပေး လုပ်ခဲ့ပါတယ်။ မိုင်းဒဏ်ထိ လူနာ ၁ ယောက်ကို ၂ သိန်းနှုန်းထောက်ပံ့ပေးပြီး၊ မိုင်းဒဏ်သင့်သူတွေအတွက် အသေးစားခြေတုပြင်ဆင်မှု ၆၅၆ ယောက်၊ အားပြုကိရိယာ ၉၈၅ ယောက်၊ ခြေတုတပ်ဆင်မှု ၃၈ ယောက်ကို အထောက်အကူပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024