တရုတ်နိုင်ငံတဝန်း ခွေးနှစ်ကိုကြိုဆိုသည့် နှစ်သစ်ကူးပွဲတော် ကျင်းပ

တရုတ်နိုင်ငံတဝန်း ခွေးနှစ်ကိုကြိုဆိုတဲ့ နှစ်သစ်ကူးပွဲကို ဖေဖော်ဝါရီ ၁၅ ရက် ညမှာ လူအများ စည်းစည်းကားကား ကျင်းပခဲ့ကြပါတယ်။ တရုတ်လူမျိုး သန်းပေါင်းများစွာတို့ဟာ တရုတ်နှစ်သစ်ကူးပွဲကို မိသားစုဝင်တွေနဲ့အတူ ဖြတ်သန်းနိုင်ဖို့ တရုတ်နိုင်ငံကို ပြန်လာခဲ့ကြပါတယ်။ မြို့တော်ဘေကျင်းရဲ့ မြို့လယ်ကောင် လမ်းမတွေမှာတော့ ဗျောက်အိုးနဲ့ မီးရှူးမီးပန်းတွေ ရောင်းချမှုကို ပိတ်ပင်ထားတဲ့အတွက် ဒီနှစ်မှာ ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့ပါတယ်။ အခုလို တားမြစ်မှုဟာ အစိုးရရဲ့ မြို့တွင်း လေထုညစ်ညမ်းမှုကို လျှော့ချလိုတဲ့ ကြိုးပမ်းအားထုတ်မှု တစိတ်တဒေသ ဖြစ်တယ်လို့လည်း သိရပါတယ်။ မြို့တွင်း အဓိကလမ်းမများရဲ့ အပြင်ဘက်မှာတော့ ဗျောက်အိုးနဲ့ မီးရှူးမီးပန်းတွေကို ရောင်းချခွင့် ပြုထားခဲ့ပါတယ်။ “အခုခွေးနှစ်မှာ ကလေးငယ်တွေ ကျန်းမာဖွံ့ဖြိုးပြီး ကျနော်တို့ လူကြီးတွေလည်း အသက်ရှည်ကျန်းမာကြဖို့ မျှော်လင့်ပါတယ်။ အားလုံးကိုလည်း နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ခွေးနှစ် နှစ်သစ်မှာ အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ” လို့ ရုံးဝန်ထမ်းတဦးက နှစ်သစ်ကူးဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။ “ကျနော်ငယ်ငယ်လေးကတည်းက အခုလိုအချိန်ကို မျှော်နေတတ်တာ သတိရမိပါတယ်။ ဗျောက်အိုးမဖောက်လိုက်ရမှာကို ကျနော်စိုးရိမ်မိပါတယ်။ ဒါကြောင့် အွန်လိုင်းကနေ ဗျောက်အိုးရောင်းခွင့်ပြုတဲ့နေရာကို လိုက်ရှာခဲ့ပါတယ်။ မြို့ထဲကနေ ဒီရောက်ဖို့ ကီလိုမီတာ ၃၀ ကျော် ကားမောင်းခဲ့ရတယ်” လို့ ဗျောက်အိုးဖောက်ချင်လို့ မြို့ပြင်ထွက်လာသူတဦးက ပြောပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up