Home
မြန်မာသတင်း
ရန်ကုန်ဟာ စိမ်းလန်းပြီးနေချင့်စဖွယ် စီးပွားရေးမြို့တော်ကြီးဖြစ်နေပြီဟု ဦးဖြိုးမင်းသိန်းပြော
DVB
·
February 16, 2018
ရန်ကုန်မြို့ဟာ  လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့  မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော်ကြီးဖြစ်တယ်လို့  ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၆ရက်က ရန်ကုန်မှာလုပ်ခဲ့တဲ့  တရုတ်နှစ်သစ်ကူးပွဲတော်ဖွင့်ဖွဲမှာ  ပြောခဲ့တာဖြစ်ပြီး ရန်ကုန်ဟာ နေချင့်စဖွယ်မြို့ဖြစ်တယ်လို့လည်း ပြောပါတယ်။ “ရန်ကုန်မြို့ဟာ စိမ်းလန်းပြီးနေချင့်စဖွယ် စီးပွားရေးမြို့တော်ကြီးဖြစ်ပြီး လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော်ကြီးဖြစ်ပြီး မြို့တော်ကြီးမှာ နေထိုင်နေကြတဲ့ ပြည်သူလူထုအားလုံးအတွက် တန်းတူညီမျှတဲ့ အခွင့်အရေးများရှိနေကြောင်းကို ဒီနေ့ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်ကြီးက သက်သေခံနေပါတယ်” နှစ်သစ်မင်္ဂလာမှာ နိုင်ငံသူ နိုင်ငံသားအားလုံး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပါလို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။ တရုတ်နှစ်သစ်ကူးအခမ်းအနားကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က အရင်နှစ်ဒီအချိန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဒေသခံ တရုတ်နွယ်ဖွားအဖွဲ့အစည်းတွေနဲ့အတူ တရုတ်တန်းမှာ ပထမဆုံးအကြိမ် သိုက်မြိုက်ဝေဆာ နွေဦးနှစ်သစ်ကူးကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားတို့သမိုင်းနဲ့ တရုတ်-မြန်မာဆက်ဆံရေးသမိုင်းမှာအရေးပါ မှတ်တမ်းတခုတင်နိုင်ခဲ့တယ်လို့ ပြောသွားပါတယ်။ တရုတ်ရိုးရာ ပြက္ခဒိန်အရ အခုကူးပြောင်းမယ့်နှစ်သစ်ဟာ ခွေးနှစ် ဖြစ်လာပြီး  ခွေးများဟာ လူသားများအတွက် အဖော်မွန်ကောင်း၊ မိတ်ဆွေကောင်းဆိုတဲ့ ဝိသေသကို ပိုင်ဆိုင်ထားတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်လက်ခံထားကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024