ဒေါ့မွန်အသင်းတွင် ၃ ပွဲကစားပြီး ၅ ဂိုးသွင်းခဲ့သည့် တိုက်စစ်မှူး ဘတ်ရှူးအာယီ

ဓာတ်ပုံ - ရိုက်တာ
1K
ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့လာတဲ့ မစ်ချီ ဘတ်ရှူးအာယီဟာ ဒေါ့မွန်အသင်းကို ရောက်ရှိချိန်ကတည်းက ဂိုးတွေသွင်းယူနေခဲ့တာ ၃ ပွဲမှာ ၅ ဂိုးမြောက်အထိ ရှိလာခဲ့ပါတယ်။
ဘတ်ရှူးအာယီဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့ပြန်ပါတယ်။
ဒေါ့မွန်အသင်းဟာ အတ္တလန္တာအသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရပေမယ့် အသည်းအသန် ကစားခဲ့ရပြီး ဘတ်ရှူးအာယီရဲ့ နောက်ကျဂိုး အပါအဝင် ချေပဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဘတ်ရှူးအာယီဟာ ချဲလ်ဆီးအသင်းကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တိုက်စစ်မှူးတွေ ခြေစွမ်းပျောက်ဆုံးနေတဲ့ ချဲလ်ဆီးအသင်းအတွက် ဒေါ့မွန်အသင်းမှာ ဘတ်ရှူးအာယီရဲ့ ခြေစွမ်းပြမှုဟာ နောင်တတခုလို ဖြစ်လာပါတယ်။
ဒေါ့မွန်အသင်းကတော့ တိုက်စစ်မှူး အူဘာမီယန်း အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားချိန်မှာ အကောင်းဆုံး ကစားသမားခေါ်ယူနိုင်မှုအတွက် ကျေနပ်နေပါတယ်။
နည်းပြ စတိဂျာကလည်း ဘတ်ရှူးအာယီဟာ အကောင်းဆုံးပုံစံမှာ ရှိနေပြီး သူဟာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။