Home
မြန်မာသတင်း
နိုင်ငံခြားသံရုံးများ နေပြည်တော် ပြောင်းဖွင့်ရန်  မူဝါဒချထားပြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
February 16, 2018
နိုင်ငံခြားသံရုံးတွေ နေပြည်တော်ကို ပြေင်းရွှေ့ဖွင့်လှစ်ဖို့ အစိုးရက မူဝါဒချထားပြီးပြီလို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်က  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ သံတမန်ဇုန် မြေယာမူဝါဒဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။ “နေပြည်တော်ဟာ မြန်မာနိုင်ငံရဲ့ အစိုးရ ရုံးစိုက်တဲ့ မြို့တော်ဖြစ်တာနဲ့အညီ နိုင်ငံခြား သံရုံးများကို ရန်ကုန်ကနေ နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန်အတွက် မူဝါဒများ ချမှတ်ထားပြီးပြီ။ အခုအခါ နိုင်ငံခြားသံရုံးများအနေနဲ့ လုပ်ငန်းဆောင်ရွက်မှု၊ နေထိုင်မှု စတာတွေ ပိုမိုအဆင်ပြေစေရန်အတွက်နဲ့ သံရုံးများရဲ့ အဆိုပြု တင်ပြချက်များကနေ လက်တွေ့မှာ ဖြစ်နိုင်မယ့်အချက်များနဲ့အညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် မူဝါဒများကို ပြန်လည်သုံးသပ်မှု ပြုလုပ်ရန် လိုအပ်တယ်။ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုကိစ္စရပ်များကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မယ့် နည်းလမ်းများ ရှာဖွေဆောင်ရွက်ဖို့ လိုအပ်တယ်။” သံတမန်ဇုန် မြေယာမူဝါဒဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့က ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး  နိုင်ငံခြားသံရုံးတွေ နေပြည်တော် ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး အစီအစဉ်တွေနဲ့  ဆောင်ရွက်ထားရှိမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းမှာ ဖော်ပြထားပါတယ်။ Photo : Ministry of Foreign Affairs Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024