Home
ဆောင်းပါး
စနစ်ကြောင့် နိမ့်ကျနေတာလား၊ လူသားအရင်းအမြစ်ကြောင့်လား
DVB
·
February 16, 2018
ခုတလော ရခိုင်ပြည်နယ် မြောက်ဦးမှာဖြစ်သွားတဲ့ ကိစ္စနှင့်ပတ်သက်လို့ တချို့ဆောင်းပါးတွေကို တွေ့ရပါတယ်။ ကောက်ချက်ချကြတာကတော့ ရခိုင်လူမျိုးတွေကိုယ်တိုင် အစွန်းရောက်သလိုမျိုး၊ ပညာမတတ်လို့ တမျိုး ပြောသံ ဆိုသံတွေ ထွက်လာပါတယ်။ ဒီကြားထဲမှာ တိုင်းပြည်အလိုက် ရပိုင်ခွင့်ပြဿနာကို လူတဦးချင်းစီရဲ့ ဖြစ်ထွန်းမှုနဲ့ တိုင်းကြတာကိုလည်း တွေ့ရပါတယ်။ ဒါကလည်း တပိုင်းပါ။ လူတိုင်းလူတိုင်းဟာ ပညာတတ်လေ၊ ငွေရှာနိုင်လေ ကောင်းလေပါပဲ။ သို့သော်လည်း နိုင်ငံရေးကို ကိုယ်က သွားပြီးမပတ်သက်ရင် နိုင်ငံရေးက ကိုယ့်ကိုလာပြီး ပတ်သက်တယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ တိုင်းပြည်ကောင်းကျိုးအတွက် စာပေတာဝန်ကို ထမ်းဆောင်နေကြရင်းနဲ့လည်း စာရေးဆရာတွေ၊ သတင်းစာဆရာတွေဟာ ဦးနေဝင်းအစိုးရလက်ထက်မှာ ကိုကိုးကျွန်းလို နေရာမျိုးကို ရောက်ခဲ့ကြတာပဲ။ ဒီတော့ ပညာမတတ်လို့ ချိုးနှိမ်ခံရတယ်ဆိုရင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို တပ်က ဗုံးဖောက်ခွဲခဲ့စရာ အကြောင်းလည်း မရှိပါဘူး။ အာဏာလက်ဝယ်ရှိသူက သူတို့ရဲ့အာဏာကို သွယ်ဝိုက်သောနည်းအားဖြင့် ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ခြိမ်းခြောက်မှုပြုတယ်လို့ ခံစားလာရင် ဘာမဆို လုပ်ဖို့ ဝန်မလေးတတ်ကြဘူးဆိုတဲ့ သဘောပါ။ ၂၀၁၂ ရခိုင်မှာ အရေးအခင်းဖြစ်တော့ အဲဒီတုန်းက ဒု-သမ္မတ ဖြစ်ခဲ့တဲ့ ဒေါက်တာစိုင်းမောက်ခမ်းကလည်း ရခိုင်ပြည်နယ်ရဲ့ ပညာရေးနိမ့်ကျလို့ ခုလိုမျိုး ပြဿနာဖြစ်တယ်ဆိုပြီး ကောက်ချက်ချခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း မိတ္ထီလာဘက်မှာ ဖြစ်တော့ အဲဒီလေသံမျိုး မပြောတော့ဘူး။ ဒီတော့ ပြဿနာတခု ဖြစ်လာတိုင်း ဒီလိုမျိုးတွေ ကောက်ချက်ချလာရင် နှိုင်းစရာတွေ၊ တွေးစရာတွေ ဖြစ်လာတယ်။ ကရင်လူမျိုး စောဘဦးကြီးဟာ အင်္ဂလန်မှာ ပညာတော်သင်ခဲ့တဲ့ ရှေ့နေကြီးတဦး ဖြစ်တယ်။ ဦးနေဝင်း အစိုးရဆီမှာ လူမျိုးရေး အခွင့်အရေး တောင်းဆိုလို့ မရတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရတယ်။ ကျန်တဲ့ ကချင်လူမျိုးတွေလည်း ဒီလိုပါပဲ။ ဒီတော့ ပြဿနာတခု ဖြစ်လာရင် ဒေသခံ တိုင်းရင်းသားတွေအပေါ်မှာ ပညာမတတ်လို့ပါ ဆိုတဲ့ ကောက်ချထက် စနစ်ကြောင့် ဆိုတာကိုပဲ အရင် ထည့်တွက်ဖို့ လိုပါတယ်။ ဒဏ်ရာများတဲ့သူတွေဟာ အော်သံများပါတယ်။ ဗမာလူမျိုး စစ်ဝါဒီတွေကို မကြိုက်လို့လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့လည်း ရှိခဲ့ကြတာပါ။ ဒီမိုကရေစီတိုက်ပွဲအတွက်ကိုလည်း ဗမာလူမျိုးတွေရော၊ တခြား တိုင်းနှင့်ပြည်နယ် အသီးသီးက ဒီမိုကရေစီ လိုလားတဲ့သူအားလုံး ကာယကံ၊ ဝစီကံ၊ မနောကံ စတဲ့ ကံသုံးပါးမှာ နိုင်ရာက ထမ်းဆောင်ခဲ့ကြလို့လည်း ဒီနေ့လို အချိန်အခါမျိုးကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ ဗမာလူမျိုးကို မပြောပေမယ့် ဗမာလူမျိုးကြီးဝါဒ ကြီးစိုးခဲ့တဲ့ သူတွေကြောင့် ဆိုးကျိုးတွေ ကျန်ရစ်တဲ့အခါ ကျန်တဲ့သူတွေက ထည့်ထည့်ပြောတဲ့အခါ အဲသလိုမျိုးတွေ ဖြစ်လာပါတယ်။ အာဏာရှင်ကို မကြိုက်တဲ့ တခြားသော လူမျိုးတွေကလည်း အာဏာရှင်နှင့် လူမျိုးတမျိုးလုံးကို ခွဲခြားပြီး ပြောနိုင်ရင် ပိုပြီးတော့ အဆင်ပြေမယ့် အနေအထားပါ။ တချို့တွေလည်း တက်လာပါတယ်။ အတိတ်ကို အတိတ်မှာပဲ ထားသင့်တယ်လို့ တမျိုး၊ ရခိုင်ပြည်နယ်မှာ သဘာဝသယံဇာတကို မပိုင်တာ၊ အုပ်ချုပ်သူနေရာကို မရတာက ပညာနှင့်ဆိုင်တယ်လို့ ပြောသွားတာတွေ ရှိပါတယ်။ ပညာမရှိရင် ကုန်ကြမ်းရောင်းစားတဲ့ အဆင့်ပဲရှိမယ် ဆိုပြီးတော့ပါ။ ဒီတော့ အခုရောင်းနေတဲ့ ကုန်ကြမ်းကိုကော ရခိုင်တွေ ရောင်းနေရလို့လား။ ရခိုင်ပြည်ကထွက်တဲ့ ကျောက်ဖြူ ရွှေဂက်စ်ဟာ ရခိုင်လူဦးရေနှင့် အချိုးချကြည့်လိုက်ရင် တနေ့မှာ လူတဦးကို ဘယ်လောက်နှုန်းထား ရနိုင်တယ်ဆိုပြီး တကယ့် နည်းစနစ်ကျကျနှင့် တွက်ပြထားတဲ့ ရခိုင်ပြည်နယ်ထဲက သဘာဝသယံဇာတအဖွဲ့တွေ ရှိပါတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းကလည်း ဆန့်ကျင်တဲ့ ကမ်ပိန်းတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ထူးမခြားနားခဲ့ပါဘူး။ မဒေးကျွန်း ရေနက်ဆိပ်ကမ်း၊ ကုလားတန် စီမံကိန်း၊ တောင်ကုန် နေပူတောင် စီမံကိန်း စတဲ့ စီမံကိန်းတွေကိုကော ကုန်ကြမ်းအဆင့်ပဲ နိုင်ငံက ရောင်းစားနေရတာပဲ မဟုတ်လား။ နောက် ကလေးငယ်တွေ ကျောင်းပျက်တဲ့ ကိစ္စတွေ၊ ဒါတွေဟာ တတိုင်းပြည်လုံး အနေအထား ဖြစ်နေတာပါ။ ဒါပေမယ့် ရခိုင်ဒေသလို မြစ်ချောင်းအင်းအိုင် ပေါများပြီး မြစ်ကူး၊ ချောင်းကူး တံတားတွေ နည်းလွန်းတဲ့ ဒေသမှာ တချို့တွေ ကျောင်းက ထွက်ကုန်ကြတယ်။ ဒါက နယ်မှာပါ။ နောက် စစ်တွေလို ရခိုင်ပြည်နယ်လွှတ်တော် ရုံးစိုက်ရာမြို့၊ ရခိုင်ပြည်နယ်အစိုးရ ရုံးစိုက်ရာမြို့မှာတင် ကြည့်လိုက်ရင် ပလတ်စတစ် ကောက်တဲ့ ကလေးတွေ၊ အထုပ်ထမ်းနေရတဲ့ ကလေးတွေ အများကြီး ရှိနေပါတယ်။ စစ်တွေဈေး ဖောင်တောင်မှာတောင် အသက် ၈ နှစ်ကနေ ၁၄ နှစ်ဝန်းကျင် ကလေးတွေဟာ လာသမျှ လိုင်းဘုတ်တွေဆီက အထုပ်အပိုးတွေကို သယ်ယူဖို့ လုပ်နေကြပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်အစိုးရ ရုံးစိုက်ရာ နေရာနဲ့ သုံးဘီးဆိုင်ကယ် ၂၀၀ တောင် မပေးရတဲ့ နေရာမှာ ရှိနေတာပါ။ ဒါတွေဟာ စနစ်တွေနဲ့လည်း ဆိုင်သလို အုပ်ချုပ်သူတွေရဲ့ စေတနာနဲ့လည်း ပိုပြီး သက်ဆိုင်ပါလိမ့်မယ်။ ရခိုင်တပြည်လုံးကို ကြည့်လိုက်ရင် မြို့နယ် ၁၇ မြို့နယ်လုံးဟာ လျှပ်စစ်မီး ပုံမှန်မရရှိသေးတာကို တွေ့ရပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ရခိုင်ဒေသကထွက်တဲ့ သဘာဝသယံဇာတ တခုတည်းနဲ့တင် ဒီမြို့နယ်တွေကို ပေးလို့ မရပေဘူးလား။ ဒါတွေဟာ ရခိုင်ပြည်သူအများစု မေးနေတဲ့ မေးခွန်းတွေပါ။ နောက်ပြီး ရွာတွေမှာ ခုထိလည်း ဆိုလာပြားကို မြို့နယ်ကျေးလက်ဦးစီးရုံးကနေတဆင့် လျှောက်ထားတာ တနှစ်ရှိနေပြီ။ မရကြသေးတဲ့ ရွာတွေလည်း အများကြီးရှိနေပါတယ်။ ဒါမျိုးတွေကလည်း အုပ်ချုပ်သူ အစိုးရကို ရခိုင်ပြည်သူတွေက မေးခွန်းထုတ်စရာတွေ ဖြစ်ကုန်ပါတယ်။ ဘာလို့ဆို ကျောက်ဖြူရွှေဂက်စ်က ဘယ်လောက်ရမယ်ဆိုပြီးတော့ ကမ်ပိန်းလုပ်ကြတဲ့ အသံတွေကိုလည်း ကြားဖူးထားတာကို။ ဒီတော့ ကိုယ့်ပြည်နယ်ကို ကိုယ်အုပ်ချုပ်ဖို့ဆိုတာ ပညာတတ်ရမယ်ဆိုရင် မြန်မာနိုင်ငံရေးမှာ လွှတ်တော်အမတ်တွေ အားလုံးဟာ အောက်စဖို့ဒ်၊ ကိန်းဘရစ်ခ်ျဆင်းတွေချည်း မဟုတ်ပါဘူး။ မျိုးနွယ်စုလိုက် ဘာပဲဖြစ်ဖြစ် ရှိထားတဲ့ လူတွေထက် ထက်မြက်လို့ ခေါင်းဆောင်အဖြစ် ရွေးလိုက်ကြတာတွေ များပါတယ်။ တချို့လည်း အမတ်ဖြစ်တာတောင် အဝေးသင် ဖြေနေရသေးတဲ့သူတွေတောင် ရှိသေးတာပဲ။ အဲဒါကို ရခိုင်ပြည်နယ်ကိုပဲ ကွက်ပြီးပြောရင် အဆင်ပြေပါ့မလား။ အထက်မှာ ပြောခဲ့သလိုပါ။ ၉၀ ရွေးကောက်ပွဲတုန်းက မင်းပြားမြို့ ငါးစရိုင်းချောင်း ဟောပြောပွဲမှာ တပ်မတော်ရဲ့ မှားကွက်တွေကို ထောက်ပြလို့ ရခိုင်-မြန်မာ ပဏ္ဍိတ်          သမိုင်းဆရာကြီး ဦးဦးသာထွန်းဟာ အဖမ်းဆီးခံခဲ့ရပြီး စစ်တွေထောင်မှာ သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ပညာမတတ်လို့ အခွင့်အရေးမရတာ ဆိုတဲ့ ကောက်ချက်ဟာ အာဏာရသူက ဘယ်လိုသဘောထားနေသလဲ ဆိုတာနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ၊ ဖက်ဒရယ်လမ်းကြောင်းကို သွားကြတဲ့အခါ ဒဏ်ရာတွေကို အသေအချာသိပြီး တာဝန်တွေအရ လုပ်ကြရရင်တောင် ဘယာဂတိတွေ ကင်းကြဖို့ လိုပါတယ်။ ရေးသားတဲ့နေရာမှာလည်း လူမျိုးတမျိုးတည်းကို မီးမောင်းထိုးပြပြီး အမှတ်ယူနေလို့လည်း လိုချင်တဲ့အဖြေကို မရနိုင်ပါဘူး။ ရှမ်းလူမျိုးဖြစ်တဲ့ စိုင်းထီးဆိုင် သီချင်းကို တပြည်လုံး နားထောင်ကြပေမယ့် ရှမ်းလူမျိုးရဲ့ အခွင့်အရေးတွေကို မပေးတဲ့အခါ ရှမ်းပြည်မှာလည်း RCSS လို လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာကြပါတယ်။ ဒါကြောင့် လူတဦးချင်း ဖြစ်တည်မှုနဲ့ သူနဲ့ သက်ဆိုင်ရာအုပ်စု အားလုံး အဆင်ပြေသွားပြီလို့ စဉ်းစားလိုက်ရင် နိုင်ငံရေးဆိုတာ အဲသလောက်ထိ လွယ်တဲ့အရာမျိုး မဟုတ်ပါဘူး။ ရခိုင်လူမျိုး ဖော်ကာရဲ့ တေးသီချင်းတွေကို နားထောင်ကြပေမယ့်လည်း ရခိုင် ပြဿနာကတော့ ရခိုင်ပြဿနာပါပဲ။ ဒီကြားထဲမှာ ကိုဖီအာနန် ကော်မရှင်ဖွဲ့တဲ့အခါ ဒေသခံ ရခိုင်အမျိုးသားပါတီကို အသိမပေးဘဲ ကျော်လုပ်ခဲ့လို့ ပွဲဆူခဲ့တာ၊ အောက်တိုဘာ ၉ ရက်နေ့က မောင်တောက ကျီးကန်းပြင်ဌာနချုပ် ဝင်စီးခံရတော့ ရခိုင်အမျိုးသားပါတီက ကျောက်ဖြူက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဦးဘရှိန်က အရေးတကြီး အဆိုတင်သွင်းခဲ့ဖူးပါတယ်။ လွှတ်တော်ထဲမှာ သူ့အဆို မအောင်မြင်ခဲ့ပါ။ ထရိန်းက မြိုလူမျိုး ၂ ဦး အသတ်ခံရတော့လည်း ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီက ဘူးသီးတောင်အမတ်ဖြစ်တဲ့ ဦးထွန်းအောင်သိန်းက အရေးတကြီး အဆိုတင်သွင်းခဲ့ပါတယ်။ အန်အယ်လ်ဒီပါတီက ဝန်ကြီးတဦးက ကန့်ကွက်ခဲ့တဲ့အတွက် လွှတ်တော်က မှတ်တမ်းထားဖို့ လုပ်ခဲ့ပါတယ်။ ဒါကို အဆိုတင်တဲ့ အမတ်က ထပ်ဆင့်အဆိုပြုကာမှ ပြည်ထောင်စုကို တင်သွင်းမယ့်မေးခွန်း ဖြစ်ခဲ့ပါတယ်။ ဒါတွေကို ကြည့်လိုက်ရင် ရခိုင်ဒေသဟာ အပယ်ခံဖြစ်ရုံမက ရခိုင်ပြည်နယ် ကိုယ်စားပြုအမတ်တွေရဲ့ အရေးတကြီး အဆိုတချို့ဟာလည်း ပြည်ထောင်စုအစိုးရနဲ့ ကွဲလွဲခဲ့တဲ့ အချက်တွေ ရှိပါတယ်။ ဒီအဆိုတွေ တင်နေစဉ်မှာပဲ မောင်တောမှာ နေ့စဉ်ရက်ဆက် လူသတ်မှုတွေ၊ ဗုံးဖောက်ခွဲမှုတွေ ဖြစ်နေခဲ့ပါတယ်။ ဒီလိုအနေအထားတွေကို ကြည့်ရင် ရခိုင်အမတ်တွေ မြင်ခဲ့တာကို ပြည်ထောင်စုအစိုးရက မမြင်ခဲ့ဘူးလား၊ မိမိတို့ဒေသကို ပြည်ထောင်စုအစိုးရက တွေးမပူဘူးလား ဆိုတဲ့ မေးခွန်းတွေ ထွက်လာစေပါတယ်။ ဒါတွေဟာ ရခိုင်လူမျိုးတချို့ရဲ့ ဟောပြောပွဲတွေဆီကနေ ပေါက်ကွဲသံတွေ ဖြစ်လာပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းဟာလည်း စကတည်းက ထိန်းထိန်းသိမ်းသိမ်း မလုပ်ခဲ့တဲ့ အကျိုးဆက်လို့လည်း ပြောနိုင်ပါတယ်။ ပြည်ထဲမှာ၊ စင်ပေါ်မှာ ကိုယ်ပြောလိုရာကို ပြောကြတယ်ဆိုတာ ပြောနေရင်းနဲ့ အမှားထောက်မည့်သူ မရှိတဲ့အခါ ပိုပြီးလွန်လာတဲ့ လူ့သဘာဝပါ။ တရားဥပဒေစိုးမိုးရေးကို လိုလားပြီး စကတည်းက လုပ်ခဲ့ရင် ခုလောက်ထိ ဖြစ်နေတဲ့ အတိုင်းအဆကို ရောက်နိုင်မှာ မဟုတ်ဘူးလို့လည်း ယူဆပါတယ်။ မြစ်ကြီးငါးရာ မြစ်ငယ်ငါးရာက ရေဟာ ပင်လယ်သမုဒ္ဒရာထဲ ရောက်ရင် တသားတည်း ဖြစ်တယ်လို့ ကျမ်းလာရှိသလိုပဲ ဒီမိုကရေစီ အရွေ့တခုကို တကယ် သွားချင်တဲ့စိတ်တွေရှိရင် ရခိုင်ပြဿနာကိုကြည့်ပြီး ၂၀၂၀ အတွက် မျှော်မှန်းထားတဲ့ နိုင်ငံရေးမက်လုံးအတွက် မသမာသောနည်းနဲ့ နာမည်ကြီးလိုမှုတွေကိုလည်း ပယ်ဖျောက်ကြဖို့ လိုပါတယ်။ အထူးသဖြင့် ရခိုင်အရေးကို လက်ညှိုးထိုးပြီး အမှတ်တွေ သိမ်းကျုံးမယူချင်ဖို့ လိုပါတယ်။ နိုင်ငံတကာမှာလည်း တချို့သူတွေရဲ့ စစ်ရေး၊ စီးပွားရေးအတွက် ရခိုင်ဟာ အမှတ်တွေ ယူစရာကောင်းလွန်းနေတဲ့ ဒေသတခု ဖြစ်နေပါတယ်။ တလောက အာဆာက ဝင်တိုက်လို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြတော့လည်း ဟိုဘက်ကိုထွက်ပြေးတဲ့ ဘင်္ဂါလီတွေရှိသလို စစ်တွေ၊ မြောက်ဦး၊ မင်းပြားကို ထွက်ပြေးကြတဲ့ ရခိုင်တွေလည်း မနည်းပါဘူး။ ဒီကြားထဲမှာပဲ အမေရိကန်က သံအမတ်ဟောင်း ဒဲရစ်မစ်ချယ် ဆိုသူ ရောက်လာခဲ့ပါတယ်။ သူ မြန်မာနိုင်ငံမှာ နေခဲ့တာက ၁၀ ရက်ပါ။ ဒီကပြန်သွားတော့ သတင်းမီဒီယာတွေနဲ့ အင်တာဗျူးတဲ့အခါ စစ်တွေတို့၊ ဘူးသီးတောင်တို့က ရခိုင် ဒုက္ခသည်စခန်းကိုတော့ သူ မြင်မသွားဘဲ ဟိုဘက်ကမ်းကိုတော့ ဒုက္ခသည် ၄ သိန်းကျော်လောက် ရောက်သွားကြတယ်လို့ သူ သိခဲ့ပါတယ်တဲ့။ အဲဒီလို ဖြစ်နေတဲ့ အနေအထားပါ။ လူသားအရင်းအမြစ် ဆိုတာမှာလည်း မြန်မာတပြည်လုံးက လူသားအရင်းအမြစ်တွေဟာ ပညာတတ်ရင် တတ်သလို စင်ကာပူ၊ ဂျပန်၊ ကိုးရီးယားတို့လို နိုင်ငံမျိုးကို သွားသူသွားပြီး White Collar လို့ခေါ်တဲ့ ပညာနဲ့ လုပ်ကိုင်လိုက်၊ အခြေခံပညာ နည်းတဲ့သူတွေကတော့ ထိုင်း၊ မလေး၊ တရုတ်တို့ကို သွားသူသွားပြီး Blue Collar အလုပ်ကြမ်းသမားအဖြစ် လုပ်လိုက်နဲ့ လုပ်နေကြတာ ရခိုင်လူမျိုးတမျိုးတည်းကပဲ သွားနေကြတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ တနိုင်ငံလုံးက တောရော မြို့ပါ မကျန် သွားနေကြရတာပါ။ တခြားနိုင်ငံတွေ အာရှတိုက်ရဲ့ကျားတွေ ဖြစ်ဖို့အရေး ဒီကလူတွေပဲ သွားပြီး အားဖြည့်နေကြရတာပါ။ ဒါကြောင့် ပြဿနာတခု ဖြစ်လာရင် စနစ်ကြောင့်လား၊ လူသားအရင်းအမြစ်ကြောင့်လား ဆိုတာကို ခွဲခြားသိထားမှသာ ဖြေရှင်းတဲ့အခါမှာရော၊ ရှုမြင်တဲ့ အမြင်မှာရော မှန်ကန်လိမ့်မယ်လို့ ယူဆပါတယ်။ ကျော်လင်း(ရောင်စုံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024