A d v e r t i s e m e n t With Us

လန်ဒန်လေဆိပ်အနီး တွေ့ရှိခဲ့သည့် စစ်လက်ကျန်ဗုံးအား အောင်မြင်စွာ ဖောက်ခွဲ

ဓာတ်ပုံ - MOD
လန်ဒန်မြို့တော် လေဆိပ်နားမှာတွေ့ခဲ့တဲ့ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးကို ဗြိတိန်တော်ဝင်ရေတပ် ဗုံးရှင်းလင်းရေးအဖွဲ့က အန္တရာယ်ကင်းကင်းနဲ့ ဖောက်ခွဲလိုက်ပြီ ဖြစ်ပါတယ်။ ဗြိတိန်တော်ဝင်ရေတပ်ဟာ ဗုံးကို အက်ဆက် (Essex) မှာရှိတဲ့ ရှူးဘာရီနက်စ် (Shoeburyness) ကမ်းခြေ ကမ်းလွန်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖောက်ခွဲခဲ့တာပါ။ တော်ဝင်ရေတပ်ဟာ ဗုံးရှင်းလင်းရာမှာ အခက်အခဲတွေ ကြုံခဲ့ရပြီး ဒီဗုံးဟာ အလေးချိန် တန်ဝက်လောက်ရှိကာ တမီတာခွဲကျော် ရှည်ပါတယ်။ “ရေငုပ်အဖွဲ့တဖွဲ့လုံးအတွက် တကယ့်ကို စမ်းသပ်မှုတခုပါပဲ။ ရေအောက်မှာ ကျနော်တို့ တော်တော် ခက်ခက်ခဲခဲ လုပ်ထားရပါတယ်။ ရက်တွေအများကြီးပါ။ အိပ်ချိန်နည်းနည်းပဲ ရှိခဲ့ပါတယ်။ လန်ဒန်မြို့လယ်ပိုင်းမှာ တွေ့ခဲ့တဲ့ ဒီဗုံးဆိုရင် မြစ်အောက်ကြမ်းပြင် တမီတာအောက်မှာ ရွံ့စေးအထပ်ထပ် အုပ်နေခဲ့တာပါ။ လက်ချည်းဗလာနဲ့ ဗုံးကို မြေအောက်ကနေ တူးထုတ်ပြီး ရေပေါ်တင်တဲ့ပစ္စည်းနဲ့ ချိတ်နိုင်အောင်လုပ်ဖို့ ရေငုပ်ရတာ နှစ်ရက်တောင်ကြာပါတယ်” လို့ ပို့စ်မောက်ရေတပ် ရေငုပ်တပ်ဖွဲ့ဝင် အန်ဒီဝေါ်လာက ပြောပါတယ်။ ဗုံးရှင်းလင်းရေးအဖွဲ့ကတော့ အားလုံး ပုံမှန်ပြန်လည် လည်ပတ်နိုင်ဖို့ ဗုံးကို မြန်မြန်ရှင်းလင်းခဲ့ရတယ်လို့ ပြောပါတယ်။ “တပ်ဖွဲ့ဝင်တွေက ဗုံးကို သိမ်းစ်မြစ်ကြောင်းတလျှောက် တညလုံးသယ်လာတာပါ။ ၁၀ နာရီလောက်ကို တဖြည်းဖြည်းနဲ့ ဂရုတစိုက် သယ်ခဲ့ရတာပါ။ သူတို့ အခုလေးတင် မိုင်းသယ်အိတ်ကို လေလျှော့ပြီး ဗုံးကို ပင်လယ်ကြမ်းပြင်အောက် ချလိုက်ပါပြီ။ အခုလောလောဆယ် ဗုံးကိုဖောက်ခွဲဖို့ ဖောက်ခွဲရေးပစ္စည်းတွေ ပြင်နေတုန်း ကျနော်တို့ ဂရုတစိုက် စောင့်ကြည့်နေပါတယ်။ ရှူးဘရီးနက်စ် ကမ်းလွန် ပင်လယ်ကြမ်းပြင်မှာ ဗုံးကို ဖောက်ခွဲနိုင်ဖို့ မျှော်လင့်ခဲ့တယ်” လို့ ဗုံးရှင်းလင်းရေးအဖွဲ့ တပ်မှူး ဒယ်လ်မက်ခ်နိုက်က ပြောပါတယ်။ ဒီဗုံးကို ပဉ္စမမြောက် ဂျော့ခ်ျဘုရင် သင်္ဘောကျင်းမှာ လုပ်နေတဲ့ ဝန်ထမ်းတွေက ဖေဖော်ဝါရီ ၁၁ ရက်နေ့တုန်းက တွေ့ခဲ့တာပါ။ ဗုံးတွေ့ပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ လန်ဒန်မြို့တော်လေဆိပ်ကို လေယာဉ်အဝင်အထွက် ပိတ်ခဲ့ရပါတယ်။ ဗြိတိန်တော်ဝင်ရေတပ်နဲ့ ရဲတပ်ဖွဲ့က ဗုံးကို ရှင်းလင်းခဲ့ပြီးတဲ့နောက် လန်ဒန်မြို့တော် လေဆိပ်ကို ဖေဖော်ဝါရီ ၁၃ ရက်မှာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up