စာနယ်ဇင်းစည်းကမ်းဖောက်မှု မြန်မာစာနယ်ဇင်းကောင်စီ ကိုင်တွယ်မည်
DVB
·
May 14, 2012
ပုံနှိပ်မီဒီယာဥပဒေ မြန်မာနိုင်ငံမှာ မပြဋ္ဌာန်းမီ စာနယ်ဇင်းတွေရဲ့ စည်းကမ်း ဖောက်ဖျက်တာတွေကို တာဝန်ယူ ဖြေရှင်းပေးဖို့ မြန်မာစာနယ်ဇင်းကောင်စီကို သမ္မတအမိန့်နဲ့ ဇွန်လမှာ ဖွဲ့စည်းဖို့ ပြင်ဆင်နေကြ ပါတယ်။
မြန်မာစာနယ်ဇင်းကောင်စီ ဖွဲ့စည်းဖို့ အတွက် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၊မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ၊ မန်မာ ဂျာနယ်လစ် ကွန်ရက် အဖွဲ့တွေက ကိုယ်စားလှယ် ၆ ဦးစီ ရွေးချယ်ပြီး မေလ မတိုင်မီ စာရင်းပေးသွင်း ဖို့ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက ဒီနေ့ ညွှန်ကြားလိုက် တာပါ။
စာပေလောကအသင်းအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တနင်္လာနေ့ က မြန်မာအသံ့နဲ့ရုပ်မြင် သံကြားမှာ ကျင်းပတဲ့ တွေ့ဆုံပွဲ မှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့တာပါ။
မြန်မာစာနယ်ဇင်းကောင်စီရဲ့ လုပ်ငန်းတွေထဲမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို တည်ဆဲဥပဒေနဲ့ ထိန်းသိမ်းစောင့်ရှောက် ဖို့၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူနဲ့ ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနဲ့ သတ်မှတ်ထားတဲ့ စာပေစိစစ်ရေးမူ ၁၂ ချက်နဲ့အညီ ရေးသား ပုံနှိပ်ထုတ်ဝေဖြန့်ချိရေးအတွက် စာနယ်ဇင်းတွေကို စိစစ် ကြပ်မတ်ထိန်းသိမ်းဖို့တွေ ပါဝင်ပါတယ်။
မြန်မာစာနယ်ဇင်းကောင်စီရဲ့  တာဝန်ပိုင်းမှာတော့ စာနယ်ဇင်းနယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်တွေ ရဲ့ ရေးသားဟော ပြောချက်တွေဟာ တိုင်းရင်းသား ပြည်သူရဲ့ အကျိုးစီးပွားကို မထိခိုက်အောင် ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတော် ဂုဏ်သိက္ခာ မထိခိုက်စေရေးနဲ့ အချုပ်အခြာအာဏာ မထိခိုက်စေရေး ကြီးကြပ်ဆောင်ရွက်ရေးတို့လည်း ပါဝင်ပါတယ်။
မြန်မာစာနယ်ဇင်းကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာတော့ စာနယ်ဇင်းဆိုင်ရာ ကိစ္စရပ်များအတွက် အစိုးရကို အကြံပြုတင်ပြခွင့်၊ ကျင့်ဝတ်နှင့်မညီတဲ့ ကိစ္စရပ်တွေကို လိုအပ်သလို အရေးယူ ဆောင်ရွက် ခွင့်၊ နိုင်ငံတကာ စာနယ်ဇင်း အဖွဲ့အစည်းများနဲ့ ဆက်သွယ်ဆောင်ရွက်ခွင့်၊ သတင်းသမားတွေ အရည်အချင်းတိုးတက်ရန် သင်တန်းများ ထူထောင်ခွင့်တို့ ပါဝင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ မြန်မာစာနယ်ဇင်းကောင်စီတရပ် ဖွဲ့စည်းဖို့ သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားတာဖြစ်ပြီး ဒီနေ့ ကျင်းပတဲ့ အစည်းအဝေးကို ဦးကျော်ဆန်း၊ ဦးရဲတင့်၊ ဦးတင့်ဆွေတို့ တက်ရောက်ခဲ့သလို ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းတို့လည်း တက်ရောက်ခဲ့ ပါတယ်။