Home
မြန်မာသတင်း
တဖက်သတ် မီဒီယာများ၏ ဓားစာခံမဖြစ်ရန် လုံခြုံရေးကောင်စီ၌ မြန်မာသံအမတ်ပြော
DVB
·
February 15, 2018
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မူဝါဒတွေချမှတ်ရာမှာ တဖက်သတ်ဆန်တဲ့  မီဒီယာတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဓားစာခံမဖြစ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးရာမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက နိုင်ငံတကာအသိုင်းအဝိုင်းကို ပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ကြိုဆိုကြောင်း၊ မူဝါဒချမှတ်ရေးလုပ်ငန်းစဉ်မှာ တဖက်သတ်ဆန်တဲ့ မီဒီယာတွေနဲ့ လှုပ်ရှားသူတွေရဲ့ ဓားစာခံ မဖြစ်သင့်ကြောင်း၊ သတင်းအချက်အလက်တွေအပေါ် အသေအချာ ဆန်းစစ်ပြီးမှသာ အရေးကြီးတဲ့ စီရင်ဆုံးဖြတ်မှုနဲ့ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်တာတွေကို ဆောင်ရွက်သင့်ကြောင်း ပြောပါတယ်။ အမေရိကန်သံအမတ် နစ်ကီဟာလေးကတော့  “ရခိုင်ပြည်နယ်ထဲ သွားရောက်သတင်းယူခွင့် မရှိတာကြောင့် သတင်းတချို့ ထွက်နေတယ်။ တရွာတည်း နေသူတွေ အသတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာရွာသား နော်ခါဒီရာရဲ့အကြောင်းကို အေပီသတင်းဌာနက မကြာသေးခင်ကပဲ ထုတ်ဖော်ခဲ့တယ်၊၊ မြန်မာနိုင်ငံကနေ ဘေးကင်းလွယ်ကူစွာ သတင်းမပို့နိုင်တဲ့ အခြေအနေမျိုးမှာ ဒီလိုသတင်းတွေ ဖော်ထုတ်ခဲ့တဲ့အတွက် အေပီသတင်းထောက်တွေကို ချီးကျူးပါတယ်။ မြန်မာအစိုးရကတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှုတွေ မရှိဘဲ အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတာလို့ အခိုင်အမာ ပုံမှန်ပြောနေတယ်”လို့ ပြောပါတယ်။ နယ်သာလန်နိုင်ငံ ကိုယ်စားလှယ်ကလည်း ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ရဲ့ အခွင့်အရေးကို လေးစားဖို့နဲ့ သတင်းသမားတွေကို အလွန်အကျူး စွက်ဖက်နှောင့်ယှက်တာတွေ မလုပ်ဖို့  မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ရုရှားသံအမတ်ကြီး အလဇန္ဒြားပိုယံစကီးကတော့ “အမြီးအမောက်မတည့်တဲ့ ဘက်လိုက်တဲ့  မီဒီယာတွေရဲ့ သတင်းတွေကို သုံးပြီး တံဆိပ်တွေကပ်ဖို့ ကြိုးစားနေတာဟာ ပြဿနာရဲ့အဖြေကို ပိုလို့ဝေးသွားစေတယ်။ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ဆက်လက် ရှုပ်ထွေးနေဆဲ ဖြစ်ပေမယ့် အားလုံးကို ခြုံကြည့်ရင်တော့ ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်”လို့ ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်လာနေပြီး မောင်တောခရိုင်ထဲမှာ ရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ကို ကျယ်ကျယ်ပြန့်ပြန့် တာဝန်ယူထားပြီ ဖြစ်သလို ပြီးခဲ့တဲ့ ၆ လအတွင်း အကြမ်းဖက်သမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ကြီးကြီးမားမားဖြစ်ခဲ့တာ မရှိဘူးလို့ မြန်မာကိုယ်စားလှယ်က ဆိုပါတယ်။ ဒါပေမယ့် ARSA အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု အမြဲရှိနေကြောင်း၊ARSA အကြမ်းဖက်အဖွဲ့ဟာ အပြစ်မဲ့ပြည်သူတွေကို ခြိမ်းခြောက်သတ်ဖြတ်ဖို့ လူမဆန်တဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ နှောင့်နှေးနေမှာ မဟုတ်ကြောင်းနဲ့ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ စခန်းခေါင်းဆောင် ၂ ဦး အသတ်ခံရမှုဟာ နေရပ်ပြန်မယ့် ရွာသားတွေကို ခြိမ်းခြောက်မှုတရပ် ဖြစ်ကြောင်း  မြန်မာသံအမတ်က ပြောပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ခွင့်လွှတ်မှာ မဟုတ်သလို ခိုင်လုံတဲ့ အထောက်အထားရှိရင် ပြစ်မှုကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ဥပဒေအရ အရေးယူသွားမယ်လို့ ပြောပါတယ်။ ARSA အကြမ်းဖက်သမား ၁ဝ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးပြီး မောင်တောခရိုင်၊ အင်းဒင်ရွာသင်္ချိုင်းမှာ သတ်ဖြတ်မြှုပ်နှံခဲ့တဲ့ကိစ္စ စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ တပ်မတော်သား၊ ရဲအရာရှိနဲ့  ရွာသား စုစုပေါင်း ၁၆ ဦးကို တပ်မတော်က စုံစမ်းစစ်ဆေး အရေးယူနေပြီ ဖြစ်တယ်၊ တပ်မတော်ရဲ့ ဒီလုပ်ဆောင်ချက်ဟာ တာဝန်ယူမှုရှိတဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်လို့ ထောက်ခံ အားပေးထိုက်တယ်လို့လည်း မြန်မာသံအမတ် ဦးဟောက်ဒို ဆွမ်းက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မာဆူဒ်ဘင်မိုမန်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မြန်မာနိုင်ငံဘက်ကနေ ဒုက္ခသည်တွေ ဆက်လက်လာရောက်နေပြီး ဖေဖော်ဝါရီလဆန်းပိုင်း ၁၀ ရက်အတွင်းမှာ အသစ်ရောက်လာသူပေါင်း ၁၅၀၀ လောက် ရှိတယ်လို့ ပြောပါတယ်။ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီလည်း ဗွီဒီယိုကတဆင့် ဝင်ရောက်ဆွေးနွေးသွားရာမှာ မကြာခင် မုတ်သုံမိုးရာသီ စတင်ရောက်လာတော့မှာဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀,၀၀၀ လောက် ခိုလှုံနေတဲ့နေရာဟာ ရေကြီး နစ်မြုပ်နိုင်တဲ့ အခြေအနေရှိနေလို့ သူတို့ကို အရေးပေါ် အချိန်မီ မဖြစ်မနေ ရွှေ့ပြောင်းပေးဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံ ကိုယ်စားလှယ်ကတော့ “ရခိုင်ပြည်နယ်ပြဿနာဟာ ရှုပ်ထွေးတဲ့ နောက်ခံအကြောင်းတွေ ရှိနေပြီး တညတည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ အောက်ခြေမြေပြင်မှာ အခြေအနေဟာ အေးဆေးလာပြီး လူသားချင်း စာနာမှုအကူအညီပေးဖို့ ကြိုးပမ်းမှုတွေလည်း လုပ်ဆောင်နေပြီ ဖြစ်တယ်” လို့ပြောပါတယ်။ လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပြင်သစ်၊ ဆွီဒင်၊ပိုလန်၊ ပီရူး၊ အီသီယိုးပီးယား၊ ဘိုလီးဗီးယားနဲ့ ကူဝိတ် စတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်တွေကလည်း အသီးသီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး သဘောထားအမြင်တွေ ဆွေးနွေး ပြောကြားခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024