ပဲခူးရိုးမအတွင်း ဆင်တကောင် သေနတ်ဖြင့် ပစ်သတ်ခံရ

2K
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုမြို့ ပဲခူးရိုးမတောထဲမှာ ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ် ၁ နာရီအချိန်က ဆင်တကောင် တူမီးသေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့တယ်လို့ ဖဒိုနယ်မြေစခန်းက ပြောပါတယ်။
ဖဒိုမြို့ မြို့ချောင်း-မင်းလှ-စိန်ကန့်လန့်လမ်း မိုင်တိုင်အမှတ် ၆၀/၃ အနားမှာ ဆင်တကောင် လဲကျသေဆုံးနေတယ်လို့ သတင်းအရ သွားရောက်စစ်ဆေးရာမှ အသက် ၅ နှစ်အရွယ် အစွယ်မပါ၊ ရှောက်ခွံရောင် ဆင်မတကောင် တူမီးသေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးနေတာ ဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဆင်ဦးခေါင်း ယာဘက်ချိုစောင်းမှာ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လည်ပင်းမှာ ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး ဆင်ရဲ့ ခန္ဓာကိုယ် အရေခွံတွေ အခွာခံထားရပြီး နှာမောင်းပြတ် သေဆုံးနေတာ ဖြစ်ပါတယ်။
ဖဒိုနယ်မြေစခန်းမှူး ရဲအုပ် ရဲထွဋ်ကိုက “တူမီးသေနတ်နဲ့ အပစ်ခံရပြီး တောတွင်း လေး ငါးမိုင်လောက်ကနေ ဒီနေရာကို ရောက်လာခဲ့ပြီး သေဆုံးတဲ့ပုံစံလို့တော့ ဆရာဝန်က သုံးသပ်တယ်။ ပစ်တဲ့သူတွေကလည်း နောက်က လိုက်လာပြီး လုပ်သွားတယ်။ ခုတော့ ကျနော်တို့ နယ်မြေစခန်းနဲ့ သစ်တောရဲ ပူးပေါင်းပြီး တရာခံတွေကို လိုက်လံရှာဖွေနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသွားတဲ့ ဆင်ကို အခင်းဖြစ်နေရာမှာ မီးရှို့သဂြုင်္ိဟ်ပြီး ဆင်ကို ပစ်ခတ်ခဲ့တဲ့ ဆင်မုဆိုးတွေကို ဖမ်ဆီးရမိနိုင်ရေး လိုက်လံစုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။
သတင်း - နေလင်းထိုက်