Live
Home
မြန်မာသတင်း
ဆင်မကြီး မိုမိုရုပ်ပုံစတစ်ကာများ Viber တွင် ရယူနိုင်ပြီ
DVB
·
February 14, 2018
မြန်မာတွေအသုံးများတဲ့ မိုဘိုင်းဖုန်းအပလီကေးရှင်း Viber မှာ ဆင်မကြီး မိုမိုရဲ့ရုပ်ပုံ စတစ်ကာတွေကို ရယူနိုင်ပြီလို့ မိုမိုတို့အတွက် ရင်တွင်းစကားသံ လှုပ်ရှားမှုက ကြေညာပါတယ်။ မိုမိုတို့အတွက် ရင်တွင်းစကားသံ ဆိုတာက အန္တရာယ်ကျနေတဲ့ မြန်မာ့ဆင်တွေကို အကာအကွယ်ပေးတဲ့ လှုပ်ရှားမှုတခုဖြစ်ပြီး အခုအစီအစဉ်ကို ကမ္ဘာ့သားငှက်တိရစ္ဆာန် ရန်ပုံငွေအဖွဲ့ (WWF-Myanmar) နဲ့ Viber တို့ ပူးပေါင်းလုပ်ဆောင်တာလို့ ဆိုပါတယ်။ မြန်မာ့ဆင်တွေ အမဲလိုက် သတ်ဖြတ်ခံနေရတဲ့ ပြဿနာကို တုံ့ပြန်ဖြေရှင်းနိုင်ဖို့နဲ့ မြန်မာနိုင်ငံတွင်းက တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းတွေ တရားမဝင် ကုန်သွယ်နေတာတွေ ရပ်ဖို့ တိုက်တွန်း အသိပညာပေးတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ ဒီစတစ်ကာတွေမှာ ဆင်ကလေး မိုမိုရဲ့ ပုံနဲ့ ‘ကျေးဇူးတင်ပါတယ်’၊ ‘မတွေ့ရတာ ကြာပြီနော်’၊ ‘ဖက်ထားပေး’ စတဲ့ ပုံဖော်ထားတာတွေ ပါဝင်ပြီး အခမဲ့ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ Viber ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးအကဲ အနုဗဟာနေယာက “WWF-Myanmar နဲ့ အခုလို ပူးပေါင်းပြီး မိုမိုတို့ရဲ့ အသံလိုမျိုး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ ကြီးမားတဲ့ လှုပ်ရှားမှုမျိုးမှာ တစိတ်တဒေသအနေနဲ့ ပါဝင်ခွင့်ရတာကို ကျနော်တို့အနေနဲ့ အရမ်းပဲ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ အဲဒီလိုပဲ ကျနော်တို့ရဲ့ Viber က မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေကြား အရေးကြီးတဲ့ သတင်းအချက်အလက်တွေ အချင်းချင်း ချိတ်ဆက်ဖြန့်ဝေနိုင်ဖို့ ထိထိရောက်ရောက် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးနေနိုင်တဲ့အတွက်လည်း အထူးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်” လို့ ပြောပါတယ်။ ဒီစတစ်ကာတွေကို ဒေါင်းလုဒ်ယူရင်းနဲ့ WWF-Myanmar ရဲ့ အများပြည်သူသုံး Viber အကောင့်နဲ့ ချိတ်ဆက်နိုင်အောင်လည်း ပြုလုပ်ထားပါတယ်။ ဒါကြောင့် ဆင်နဲ့ ပတ်သက်တဲ့ တခြား သတင်းတွေကိုလည်း ရရှိနေမယ်လို့ WWF-Myanmar ရဲ့ မန်နေဂျာ ခရစ်တီ ၀ီလျံက ပြောပါတယ်။ “အခုလို ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ လူအချင်းချင်း ဆက်သွယ်တဲ့အခါ ဒီလိုမျိုး နည်းပညာတွေ သုံးတာထက် ပိုထိရောက်တာ မရှိနိုင်ပါဘူး။ WWF-Myanmar public account ကို follow လုပ်ထားသူတွေဟာ နောက်ဆုံး သတင်းအချက်အလက်တွေနဲ့ သူတို့ လုပ်ဆောင်ပေးနိုင်တာတွေကို သိရှိရမှာ သေချာပါတယ်။ ဥပမာ- တနိုင်ငံလုံးအနှံ့ ဆင်ခန္ဓာကိုယ်က ရတဲ့ ပစ္စည်းတွေ ကူးသန်းရောင်းဝယ်နေမှုကို အဆုံးသတ်ပြီး ကျနော်တို့ရဲ့ မိုမိုတွေကို ဘေးကင်းအောင် ကာကွယ်ဖို့အတွက် စုပေါင်းဆန္ဒပြု လက်မှတ်ကို ဘယ်လို လက်မှတ်ရေးထိုးရမယ် ဆိုတာတွေနဲ့ တခြား ဆင်နဲ့ပတ်သက်တဲ့ သတင်းတွေကို အဆက်မပြတ် ရရှိနေမှာ ဖြစ်ပါတယ်။” မြန်မာနိုင်ငံမှာ တောဆင်ရိုင်းအကောင်ရေ ၁၄၀၀ နဲ့ ၂၀၀၀ ကြားပဲ ကျန်ရှိနိုင်တော့သလို တပတ်ကို ဆင်တကောင်နှုန်း သတ်ဖြတ်ခံနေရတယ်လို့ ဆင်တွေထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားနေတဲ့အဖွဲ့တွေက ဆိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024