Home
မြန်မာသတင်း
ကိုင်ရိုမြို့ရှိ မြန်မာသံရုံး လုံခြုံရေးအသုံးစရိတ်တိုးရန် လွှတ်တော်တွင် ငွေတောင်းခံ
DVB
·
February 14, 2018
ရခိုင်အရေးကြောင့် လုံခြုံရေး စိုးရိမ်နေရတဲ့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးအတွက် လုံခြုံရေးအသုံးစရိတ် ထပ်မံချပေးဖို့  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြည်ထောင်စုလွှတ်တော်မှာ တောင်းဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက် ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေတောင်းခံရင်း ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။ “အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ယခုကာလအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေများကို သတင်းစာ၊ ရုပ်သံ၊ ဆိုရှယ်မီဒီယာတို့ကနေပြီးတော့ နေ့စဉ်မပြတ် လှုံ့ဆော် ဖော်ပြနေမှုများကြောင့် မြန်မာသံရုံးအပေါ်မှာ အန္တရာယ်ပြုနိုင်တဲ့ အလားအလာများ လုံခြုံရေးအရ စိုးရိမ်ရတဲ့ အနေအထားများ ဖြစ်ပေါ်လာကြောင်း မြန်မာသံရုံးသံအမတ်ကြီးမှ တင်ပြလာပါတယ်။” ဝန်ကြီးဦးကျော်တင်ဟာ နိုင်ငံခြားရေးဝန်ကြီးကိုယ်စား ပြည်ထောင်စုလွှတ်တော်မှာ တောင်းဆိုခဲ့တာ ဖြစ်ပြီး သံရုံးလုံခြုံရေးအတွက် လိုအပ်တဲ့ စီစီတီဗွီကင်မရာလို ပစ္စည်းတွေ ဝယ်ယူတပ်ဆင်ဖို့ တောင်းခံခဲ့တာ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံး လုံခြုံရေး တိုးမြှင့်ဖို့အတွက် ငွေကျပ် ၄၇ ဒသမ ၂၄၄ သန်း ထပ်မံချပေးဖို့ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြတောင်းခံခဲ့ပါတယ်။ အီဂျစ်နိုင်ငံ၊ ကိုင်ရိုရှိ မြန်မာသံရုံးမှာ သံအမတ်ကြီး အပါအဝင် သံရုံးဝန်ထမ်း ၁၀ ဦး တာဝန်ထမ်းဆောင်နေပါတယ်။ ကိုင်ရိုမြို့တော်ရှိ မြန်မာသံရုံးအနီးမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အသေးစား ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အီဂျစ်စစ်သွေးကြွ Hasm အဖွဲ့က  သူတို့လက်ချက် ဖြစ်တယ်လို့   ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024