A d v e r t i s e m e n t With Us

အမေရိကန်သို့ ပြောင်းရွှေ့လာသူများ၏ အနာဂတ်အရေး အထက်လွှတ်တော်တွင် ဆွေးနွေး

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စုဆီ ပြောင်းရွှေ့လာသူတွေရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် အထက်လွှတ်တော် အချေအတင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က စတင်ခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်မှာ ၅ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် အချေအတင် ဆွေးနွေးနေကြတာပါ။ မနှစ်က သမ္မတ ဒေါ်နယ်ထရမ့် ထုတ်ပြန်တဲ့ အမိန့်အရ ပြောင်းရွှေ့လာသူတွေကို မတ်လ ၅ ရက်နေ့နောက်ပိုင်းမှာ မူရင်းနိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီလို မတ်လ ၅ ရက်နေ့ သတ်မှတ်ချိန် ထုတ်ပြန်ခြင်းအားဖြင့် သမ္မတ ထရမ့်ဟာ ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကန်တွေအကြား သဘောထားကွဲပြားမှု ကြီးမားအောင် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ “ပြောင်းရွှေ့လာသူတွေရဲ့ အရေးကိစ္စနဲ့ပတ်သက်လို့ ဥပဒေပြုအမတ်တွေက အလျင်အမြန် ဆောင်ရွက်ကြဖို့ တိုက်တွန်းနေကြတာကို အမေရိကန်ပြည်သူတွေ ကြားသိပြီးပါပြီ။ ဒီတော့ ကြိုးကြိုးစားစား ဆွေးနွေးကြပြီး အလုပ်ဖြစ်တဲ့အဖြေကို ရှာဖွေရမယ့်အချိန်ကျလို့လာပါပြီ။ ဆိုလိုတာက လွှတ်တော်နှစ်ရပ်က အတည်ပြုပြီး သမ္မတ လက်မှတ်ရေးထိုးမယ့် သဘောတူညီမှုမျိုးပါ” လို့ ရီပတ်ဘလစ်ကန် လူများစုခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်က ပြောကြားခဲ့ပါတယ်။ ဒီမိုကရက် လူနည်းစုခေါင်းဆောင် ချက်ရှူးမားက “အခုချိန်ဟာ ပြောင်းရွှေ့လာသူများအရေးနဲ့ သက်ဆိုင်တဲ့ စနစ်တစ်ခုလုံးကို ပြုပြင်ရမယ့်အချိန် မဟုတ်သလို ပြုပြင်ရမယ့်နေရာလည်း မဟုတ်ပါဘူး။ အခုချိန်ဟာ ကတ်သီးကတ်သတ်နဲ့ ဥပဒေကြမ်း အတည်ပြုရမယ့်အချိန် ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အားထုတ်မှုတိုင်းဟာ ဥပဒေကြမ်း အတည်ပြုနိုင်မယ့်အချက်ကို ရှာဖွေကြဖို့ပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ “DACA သဘောတူညီချက်ကို ဥပဒေပိုင်း ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့နိုင်ငံကို လူတွေဝင်လာပြီး အရင်သမ္မတအမိန့်နဲ့ အလုပ်လုပ်ခွင့်ပြုတာမျိုး ဆက်ပြီး ခွင့်မပြုနိုင်ပါဘူး။ DACA အကျိုးကျေးဇူး ခံစားနေသူတွေမှာ သေချာတဲ့အနာဂတ် ရှိသင့်ပါတယ်။ အဲဒီလိုပဲ ကျနော်တို့နိုင်ငံကို တရားဝင် ဝင်လာပြီး စည်းမျဉ်းစည်းကမ်းတွေ လိုက်နာနေသူတွေမှာလည်း သေချာတဲ့အနာဂတ် ရှိသင့်ပါတယ်” လို့ ယူတားပြည်နယ် ရီပတ်ဘလစ်ကန်အမတ် အိုရင်းဟတ်ခ်ျက ပြောကြားခဲ့ပါတယ်။ အခု အထက်လွှတ်တော် အချေအတင်ဆွေးနွေးမှုဟာ အမေရိကန်ပြည်ထောင်စုဆီကို ကလေးအရွယ်ကတည်းက တရားမဝင်ရောက်လာသူ ၇၀၀,၀၀၀ ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up