အင်းလုပ်ကိုင်ခွင့်ရရေး ဒေသခံများ ဆန္ဒပြတောင်းဆို
နော်နိုရင်း
·
May 14, 2012
ဧရာဝတီတိုင်း ကျူံပျော်မြို့နယ်ထဲမှာ အင်းလေလံပစ်တာကို မကျေနပ်လို့ ရာနဲ့ချီတဲ့ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှာရှိတဲ့ ရှားခဲအင်းကို အာဏာပိုင်တွေက လေလံတင်ရောင်းချတဲ့အတွက် အင်းအနီးနားတဝိုက်မှာ နေထိုင်တဲ့ ဒေသခံ ၁၅၀ လောက်က ဒီမနက်မှာ တောင်းဆို ဆန္ဒပြကြတာပါ။
ဒီအင်းတွေကို ဒေသခံပြည်သူပိုင်အင်းတွေအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခွင့်ရရေးအတွက် ဆန္ဒပြသူတွေက တောင်းဆိုခဲ့တာလို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
“အင်းလေလံကြေညာတာကို ၁၁ ရက်နေ့ သောကြာနေ့ကျမှပြောတယ်။ ၁၂ ရက်နေ့ စနေနဲ့၊ ၁၃ ရက်နေ့ တနင်္ဂနွေမှာ ရုံးအလုပ်နဲ့ပတ်သက်လို့ ပြည်သူပြည်သားတွေက အင်းလေလံလျှောက်လွှာအတွက်လည်း ဘာမှပြင်ဆင်ဖို့ အချိန်မရဘူး။ အဲဒီလိုမရအောင်လည်း တမင်ပြင်ဆင်ထားတယ်လို့ ထင်မြင်မိတယ်။ ယူဆမိတယ်။ ဒါကြောင့် ပြည်သူတွေက ဘာပဲဖြစ်ဖြစ် နိုင်ငံတော်က ကြမ်းခင်းဈေးက ၃၅၀ လို့ ကြားသိရပေမယ့် မဝယ်ယူနိုင်ကြောင်းရယ်။ ရှားခဲအင်းကို မှီခို၍လုပ်ကိုင်စားသောက်နိုင်ရန်နှင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန်သော် လည်းကောင်း၊ ဒေသခံပြည်သူများ အကျိုးကိုမျှော်ကိုး၍ ပြည်သူပြည်သားများ ပြန်လည်လုပ်ကိုင်ရှာဖွေစားသောက်နိုင်ရန်သော်လည်းကောင်း၊ နိုင်ငံတော် သမ္မတကြီးနဲ့တကွ ဝန်ကြီးအားလုံးသည် ပြည်သူပြည်သားတို့၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်ပေးပါရန်လည်းကောင်း ဟူ၍ အချက် ၄ ချက်ဖြင့် ကျနော်တို့ တောင်းဆိုလိုက်ပါသည်။”
ရှားခဲအင်းအနီးနားမှာ နေထိုင်တဲ့သူတွေဟာ အင်းကိုအမှီပြုပြီး ငါးရှာဖွေ စားသောက်နေသူတွေ ဖြစ်ပေမယ့် အင်းတရားဝင် လုပ်ပိုင်ခွင့်တော့ မရပါဘူး။ ဒီအင်းကို အာဏာပိုင်တွေက ဒေသခံ မဟုတ်တဲ့ သူဌေးတွေကို ပုဂ္ဂလိကပိုင်အဖြစ် လုပ်စားခွင့် ပေးထားပါတယ်။
အင်းသူဌေးတွေက ဒေသခံတွေကို အလုပ်မပေးတဲ့အတွက် ရွာသားတွေ စားရေးနေရေး အခက်အခဲ တွေ့နေရတာပါ။
“အင်းနားနေ အင်းရေသောက်ပြီး အင်းကို မှီခိုပြီး ငါးရှာဖွေ စားသောက်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေရသူတွေ ဖြစ်တယ်။ အခုဟာက ပုဂ္ဂလိက သူဌေးတွေကို ချထားပေးတာတွေ ဖြစ်တဲ့အတွက် သူတို့က အင်းကို ကန်သဖွယ်ပြုလုပ်ပြီး ငါးမွေးနေတာ ဖြစ်တယ်။ ဒါကြောင့်လည်း သူတို့က ဒေသခံအားလုံးကို အလုပ်မပေးဘူး။ အဲဒီတော့ စားရေးနေရေး အခက်အခဲဖြစ်ပြီး အကျပ်အတည်းမျိုးစုံ ဖြစ်နေရတယ်။ ဒါကြောင့် ကျနော်တို့က ပြည်သူပိုင် အင်းအဖြစ် လုပ်ကိုင် စားသောက်ခွင့် ပြန်ချပေးဖို့ကို ဆန္ဒပြတယ်။ ဒီအကြောင်းကိုပဲ ဆွေးနွေးတင်ပြခဲ့တာပါ။”
ရှားခဲအင်းအုပ်ချုပ်ရေးမှူးကတော့ ဆန္ဒပြသူတွေရဲ့ ကိုယ်စားလှယ်တွေကို ခေါ်ယူ ဆွေးနွေးပြီးနောက် လေလံပစ်တာကို ရပ်ဆိုင်းပေးခဲ့တဲ့အတွက် ဆန္ဒပြမှုလည်း ရပ်တန့်သွားတယ်လို့ သိရပါတယ်။
ရှားခဲအင်းမှာ လုပ်ကိုင်စားသောက်ခွင့်မရတဲ့ ရွာသားတွေက ပြီးခဲ့တဲ့လတုန်းကလည်း အင်းထဲမှာ ငါးရှာခွင့်ရရေးအတွက် သမ္မတဆီ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်။