Home
ရုပျသံ
သတင်းထောက်တွေရဲ့ သတင်းလွတ်လပ်ခွင့်နဲ့လုံခြုံမှု ဘယ်လိုရှိလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
February 13, 2018
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ အန္တရာယ်ကြားက သတင်းသမားများဖြစ်ပါတယ်။ အခု ၂၀၁၈ အတွင်းမှာ သတင်းထောက်တွေရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ လုံခြုံမှု ဘယ်လိုရှိလဲဆိုတာ ဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးမယ့်သူတွေကတော့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ဦးဇေယျာလှိုင်နဲ့ သတင်းသမားများ ကာကွယ်ရေးက ကိုသာလွန်ဇောင်းထက်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “လောလောဆယ် သတင်းသမားတွေရဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ အဓိကပြောချင်တာက လုံခြုံရေးပေါ့။ ဒီနေ့ဆိုရင် ကမ္ဘာကျော် ရိုက်တာသတင်းဌာနက တကယ့်ကို Source အပြည့်အစုံနဲ့ အင်းဒင်မှာ ဖြစ်ခဲ့တဲ့ကိစ္စကို တက်လာတယ်။ ဒီလို သတင်းတိတိကျကျရဖို့ တကယ်လိုက်တဲ့လူ နှစ်ယောက်စလုံးက အမှုရင်ဆိုင်နေရတယ်။ ဆရာဇေယျာလှိုင်အနေနဲ့ စပြီး ဆွေးနွေးစေချင်တာက သတင်းသမားတွေကို ဥပဒေအရ ကာကွယ်ပေးခွင့်ရှိတယ်လို့တော့ ရေးထားတယ်၊ တကယ့်လက်တွေ့ မြေပြင်အခြေအနေမှာတော့ ဘာတွေဖြစ်နေတယ်ဆိုတာ စပြီး သုံးသပ်ပေးပါဦး။” ဦးဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း) “ဒါ အရမ်းအရေးကြီးတဲ့ အနေအထား ရောက်တာပေါ့လေ။ လုံခြုံရေးလို့ပြောရင် ဒီနေ့ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းသမားတွေ တွေ့ကြုံနေရတာက ဥပဒေပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုလည်း ခံနေရတယ်။ လုံခြုံမှု အာမမခံနိုင်ဘူး။ နောက် Physical Attack လူကိုလာပြီး တိုက်ခိုက်တာမျိုးတွေလည်း ရှိခဲ့ဖူးတယ်။ အထူးသဖြင့် ရခိုင်ဒေသမှာ ဖြစ်ခဲ့ဖူးတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ သတင်းသွားယူတဲ့သူတွေ တော်တော်များများ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာပေါ့။ အဲဒီမှာတော့ အစိုးရက စီစဉ်ပြီးသွားတဲ့ Trip တွေ မပါဘူး။ ကျန်တဲ့ မီဒီယာကောင်စီက စီစဉ်တဲ့ Trip တွေ မပါဘဲနဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားယူတဲ့ သတင်းသမားတွေ အများစု ကြုံတွေ့ခဲ့ရတာပေါ့။ အခု ဝလုံးနဲ့ ကိုမိုးအောင် ဆိုရင်လည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားတယ်။ တကယ် အောက်ခြေမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ မျက်မြင်သက်သေတွေ သူတို့ ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားတယ်။ အဲဒီတော့ သူတို့က ဥပဒေကြောင်းအရ ဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး အဖမ်းခံရတယ်။ အဲဒီနှစ်ယောက်မှာ လူသိပ်မသိတဲ့ကိစ္စတခု ရှိသေးတယ်။ ရခိုင်သတင်းသမား နှစ်ယောက်ပဲ။ သူတို့ကတော့ စေတီပြင်ကျေးရွာကို သွားတယ်။ ဒေသခံတွေကပဲ သူတို့ကို ဖမ်းဆီးတယ်။ Physical Attack လုပ်ဖို့ ကြိုးစားတယ်။ လူတွေ ဝိုင်းထားပြီးတော့ မင်းတို့ သတင်းစာဆရာတွေက အချက်အလက်တွေကို ရောင်းစားနေတဲ့ကောင်တွေ၊ သစ္စာဖောက်တွေလို့ ပြောပြီး အသက်အန္တရာယ်အထိ ကြုံခါနီး ဖြစ်လာတယ်။ သူတို့ကတော့ လူသိပ်မသိလိုက်ဘူး။ Case ကလည်း မီဒီယာမှာ သိပ်မသိလိုက်ဘူး။ ကံကောင်းစွာနဲ့ပဲ သူတို့ ရဲစခန်းကို ရောက်တယ်။ ရဲစခန်းက စစ်ဆေးပြီး သူတို့က သတင်းစာဆရာတွေ ဖြစ်လို့ ဥပဒေငြိစွန်းမှု မရှိဘူးဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်။ ဒါပေမယ့် အဲဒီဒေသခံတွေကပဲ သူတို့ရဲ့ သတင်းလုပ်ငန်းတွေမှာ အသုံးပြုတဲ့ လက်ပ်တော့ပ်တွေ၊ ကင်မရာတွေ၊ ဆဲလ်ဖုန်းတွေ၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်ကအစ အသိမ်းခံလိုက်ရတယ်။ ဒါက ခုနကပြောတဲ့ လုံခြုံရေးတာဝန်ကျတဲ့ အစိုးရအရာရှိတွေက သိမ်းတာမဟုတ်ဘဲ ဒေသခံတွေက သိမ်းလိုက်တာဆိုတော့ ဒါ Physical Attack ပေါ့နော်။ အခုတော့ တချို့ပစ္စည်းတွေ ပြန်ရပေမယ့် ပစ္စည်းအကုန် ပြန်မရသေးဘူး။ လက်ပ်တော့ပ်တို့၊ မိုဘိုင်းလ်ဖုန်းတွေ ပြန်မရသေးဘူးဆိုတော့ ဒါမျိုးတွေက တကယ်ဖြစ်နေတယ်။ အဲဒီနေရာတွေမှာ ဥပဒေစိုးမိုးရေးဆိုတာက ပျောက်ဆုံးနေတယ်။ ပဋိပက္ခတွေ ဖြစ်လာရင် အမှန်တရားက ဘာလဲဆိုတာ ရှာရတာ အရမ်းခက်သွားတယ်။ အမှန်တရားတွေ ပျောက်ဆုံးနေတဲ့ နေရာမှာ ကျနော်တို့ သတင်းစာဆရာတွေက အမှန်တရား ဘာလဲဆိုတာ ဖော်ထုတ်နိုင်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် အမှန်တရား ဖော်ထုတ်တဲ့ သတင်းစာဆရာတွေ ကိုယ်တိုင် အမှန်တရား မရရှိဘဲနဲ့ သူတို့ကိုယ်တိုင် စွပ်စွဲချက်တွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ကြုံလာရတယ်။ လူထုက ဝိုင်းဖမ်းတဲ့ သတင်းစာဆရာ နှစ်ယောက်ဆိုရင် ဒေသခံတွေက ဝိုင်းဖမ်းတာ။ သူတို့ အပြန်လမ်းမှာ သူတို့ကို ခြိမ်းခြောက်မှုရှိတယ်။ မင်းတို့ ဒီအကြောင်းတွေ ပြန်ပြောရင် မင်းတို့ မိသားစုတွေ၊ အသက်အန္တရာယ်တွေ ထိခိုက်မှုရှိမယ့် ခြိမ်းခြောက်မှုရှိတော့ ဒီနှစ်ယောက်က ဘာမှ သိပ်ပြီးတော့ မလုပ်ရဲဘူးပေါ့။ ဒါကြောင့် မီဒီယာမှာ ဘာမှ တက်မလာဘူး။ နောက်တခုက မြို့ပေါ်မှာနေတဲ့လူတွေကလည်း သူတို့မှာ စိုးရိမ်စိတ်တွေ ရှိနေတယ်။ ကျနော်တို့မှာ ဒီသတင်းတွေကို ရခိုင်သတင်းတခုတည်း မဟုတ်ပါဘူး၊ ကျန်တဲ့သတင်းတွေကို ငါတို့က ဖော်ပြလိုက်ရင်များ တရားစွဲခံရမလားပေါ့နော်။ တရားစွဲရင် ကိုယ့်မှာ ရင်ဆိုင်နိုင်တဲ့အင်အား ရှိရဲ့လားဆိုတဲ့ တိုးပွားမှုတွေက ကျနော်တို့ရင်ထဲမှာ တဖြည်းဖြည်းနဲ့ ပိုကြီးလာတယ်။ လွတ်လပ်ခွင့်က မထုတ်ဝေခင် တင်ရတဲ့ ဆင်ဆာမရှိတော့ဘူး ဆိုပေမယ့် ကျန်တဲ့ ဥပဒေပိုင်းဆိုင်ရာ ဆင်ဆာတွေ၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ၊ Physical Attack တွေ၊ စီးပွားရေးရပ်တည်မှုအရ ကိုယ့်ရဲ့ရပ်တည်မှုကို ခြိမ်းခြောက်မယ့် ဆင်ဆာတွေကတော့ ရှိနေဆဲပဲလို့ မြင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အန်အယ်လ်ဒီအစိုးရလက်ထက်မှာ အမှု ၃၀ ကျော်တယ်။ နောက်ထပ် ၂၀ လောက်လည်း ထပ်စွဲထားတယ်။ ကိုသာလွန်တို့ဆိုရင်လည်း သတင်းသမားတွေကို ကာကွယ်ဖို့သက်သက် သတင်းထောက်တွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့ပေါ့။ လက်ရှိအခြေအနေ သတင်းသမားတွေရဲ့ Journalist Safety ကို ဘာတွေ လုပ်နေတာလဲ၊ ဘယ်လို သုံးသပ်လဲ ကိုသာလွန်ဇောင်းထက် ဖြည့်စွက်ဆွေးနွေးပေးပါဦး။” ကိုသာလွန်ဇောင်းထက် (မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ) “အခု အဓိကတော့ ကိုဝလုံးနဲ့ ကိုမိုးအောင်တို့ကိစ္စကိုပဲ အဓိကဦးတည်ပြီး လုပ်တာပေါ့။ ဒီသတင်းသမားနှစ်ယောက်က အကျဉ်းထောင်ထဲမှာ ရောက်နေတယ်။ သူတို့ကို ချုပ်ထားတယ်။ စွဲတဲ့ဥပဒေကလည်း အစိုးရရဲ့ လျှို့ဝှက်အက်ဥပဒေ ဆိုတဲ့ အင်္ဂလိပ်ခေတ်က ဥပဒေနဲ့ စွဲထားတယ်။ လောလောဆယ်အနေအထား ပြန်ကြည့်ရင် ဒီနှစ်ယောက်ရဲ့ ကိစ္စကပဲ အရေးကြီးတဲ့ အခြေအနေ ဖြစ်နေတာပေါ့။ သူတို့နှစ်ယောက် ရေးခဲ့တဲ့ သတင်းကလည်း ဒီမနက်မှာပဲ ရိုက်တာက ထုတ်လိုက်တာ ရှိတယ်။ သတင်းကို ပြန်ကြည့်ရင်လည်း စစ်တပ်နဲ့ ရဲ ဆိုတဲ့ တိုင်းပြည်မှာ ဥပဒေ၊ ပြည်သူပြည်သားကို ကာကွယ်စောင့်ရှောက်ရမယ့် အဖွဲ့အစည်းတွေက လက်နက်လည်းမပါတဲ့လူတွေ၊ အဲဒီလိုမျိုး ကြည့်တဲ့အခါမှာ မွတ်ဆလင်တို့၊ နိုင်ငံမဲ့တို့၊ ခိုးဝင်သူတွေ.. အဲဒါတွေ ခဏထားလိုက်ဦး။ ဒါ လူသားတွေလို့ ကျနော်တို့ ကြည့်ပြီးတော့ ဒီလူသား ၁၀ ယောက်ကို လက်နက်လည်း မပါဘဲ၊ လက်ကို နောက်ပြန်ကြိုးတုပ်၊ ဓားနဲ့ခုတ် သေနတ်နဲ့ ပစ်သတ်တယ်ဆိုတာမျိုး ထွက်လာတဲ့ သတင်းအရ အစိုးရကိုယ်တိုင်လည်း တပ်က ထုတ်ပြန်တဲ့သတင်းမှာလည်း ဒါတွေ ပါထားပြီးသားပါ။ စစ်တပ်နဲ့ ရဲ ဆိုတာ နိုင်ငံမှာ တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း။ ဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အဖွဲ့အစည်း။ ပြည်သူတွေကို လုံခြုံအောင်၊ နိုင်ငံကို ကာကွယ်မယ်ဆိုတဲ့ အဖွဲ့အစည်းက ဒီလို တရားလက်လွတ် သတ်ဖြတ်တယ်ဆိုတာ ဒီနိုင်ငံမှာရှိတဲ့လူတွေက ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လုံခြုံမှု ရှိမလဲ။ ကိုယ့်ရဲ့လုံခြုံရေးအတွက် ဘယ်လို အလုပ်လုပ်မလဲ။ သတင်းသမားတွေမှ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်တခုလုံးက သတင်းသမားတွေတင် ခြိမ်းခြောက်တာ မဟုတ်ဘူး၊ တနိုင်ငံလုံးကို ခြိမ်းခြောက်တာ။ ဒီနိုင်ငံမှာရှိတဲ့ ပြည်သူလူထုအားလုံးကို ခြိမ်းခြောက်တဲ့ ကိစ္စပဲ။ ဒီလို ဥပဒေမဲ့လုပ်ရပ်ကို သတင်းသမားတွေက ဖော်ထုတ်တယ်ဆိုတာက ဒီလို ဥပဒေမဲ့လုပ်ရပ်တွေ နောက်နောင် မဖြစ်အောင်လို့။ အာဏာလည်းရှိတယ်၊ လက်နက်လည်း ရှိတယ်၊ လုပ်ချင်ရာလုပ်နေတဲ့ အဖွဲ့အစည်းတွေကို စည်းကမ်းနဲ့ ဘောင်နဲ့ နိုင်ငံအတွက်၊ ပြည်သူလူထုအတွက် တကယ်အလုပ်လုပ်မယ့် အဖွဲ့အစည်းတွေဖြစ်အောင် ဒီသတင်းသမားတွေက အလုပ်လုပ်ခဲ့တာ။ သတင်းသမားဆိုတာကို အခုအချိန်မှာ ပြည်သူလူထုက အမြင်မှားတာတွေ ရှိတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024