Home
သတင်းဓာတ်ပုံ
မုံရွာမြို့တွင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် လက်မှုပညာပြပွဲ ပြုလုပ်
Aung Ko Latt
·
February 13, 2018
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၃ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်  မုံရွာမြို့၊ ကန်သာယာပန်းခြံမှာ လက်မှုပညာရှင် ၁၃ ဦး စုပေါင်းပြီး လက်မှုပညာပစ္စည်းလေးတွေကို အများပြည်သူ လေ့လာကြည့်ရှုနိုင်အောင် ဒီကနေ့ ခင်းကျင်းပြသနေပါတယ်။ ရခိုင်၊ လားရှိုး၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မုံရွာတို့က လက်မှုပညာရှင် အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့က သူတို့ လုပ်ဆောင်ထားတဲ့ လက်မှုပညာပစ္စည်းလေးတွေကို ပြသခဲ့ပါတယ်။ အဆောက်အဦတွေ၊ ဗိုလ်ချုပ်ပုံရုပ်တုတွေ၊ ယာဉ်အမျိုးမျိုးရဲ့ ပုံစံငယ်တွေကို  ဝါး၊ သစ်သား၊ သံ၊ ပလတ်စတစ်၊ စွန့်ပစ္စည်း စတာတွေနဲ့ ပြုလုပ်ဖန်တီးပြီး ခင်းကျင်းပြသထားတာ ဖြစ်ပါတယ်။ ပြပွဲစီစဉ်သူ ကိုကွန်းကျော်က "အခုလို စုပေါင်းပြီး ပြပွဲလုပ်တာကတော့ ပထမဆုံးအကြိမ်ပါ။ ဒီလို ပြသနိုင်ဖို့ ၂ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ ဗိုလ်ချုပ်မွေးနေ့မှာ ပြတာကတော့ ဗိုလ်ချုပ်က လူငယ်တွေရဲ့ စံပြပုဂ္ဂိုလ်၊ ကျနော်တို့ လေးစားရတဲ့ပုဂ္ဂိုလ် ဖြစ်လို့ နောင်လာနောက်သားတွေ မမေ့စေဖို့ ဒီနေ့ကို သတ်မှတ်ပြီး ရွေးခဲ့တာပါ။ ဒီနေ့ပြပွဲမှာ အချို့ လက်မှုပညာရှင်တွေတော့ အကြောင်းအမျိုးမျိုးကြောင့် လူကိုယ်တိုင် မလာနိုင်ခဲ့ပါဘူး။ နောက်ထပ်လည်း ဒီလိုပြပွဲတွေ လုပ်ဆောင်သွားဦးမှာပါ"လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီနေ့ပြပွဲမှာ လာရောက်လေ့လာကြည့်ရှုကြသူတွေကို ပဲပြုတ်၊ နံပြား၊ ရေသန့်တွေလည်း ဝေငှခဲ့ပြီး လက်မှုပညာရှင် ဖိုးဝလုံးရဲ့ ဗိုလ်ချုပ်ပုံတူ ပလာစတာအရုပ် ၁၀၃ ရုပ်ကိုလည်း မဲဖောက်ပေးခဲ့ပါတယ်။ ပြပွဲကို ကလေးသူငယ်၊ ကျောင်းသား ကျောင်းသူတွေ၊ လက်မှုပညာ စိတ်ဝင်စားသူတွေလည်း လာရောက်လေ့လာ ကြည့်ရှုခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာ မုံရွာမြို့က အဖွဲ့အစည်းအသီးသီးကလည်း ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ်ပွဲတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024