ပတ္တယားတွင် အရက်ဆိုင်တွင်း ရန်ဖြစ်ပြီး သြစတြေးလျနိုင်ငံသား ၁ ဦး သေဆုံး

ဓာတ်ပုံ - AAP
1.2K
ကမ္ဘာလှည့်ခရီးသည်တွေကြား ကျော်ကြားတဲ့ ထိုင်းနိုင်ငံရဲ့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းသာမြို့ ပတ္တယားမှာ အရက်ဆိုင်တွင်း ရန်ဖြစ်ပြီး သြစတြေးလျနိုင်ငံသား ခရီးသည်တဦး သေဆုံးတယ်လို့ ရဲတွေက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပြောပါတယ်။
အသက် ၄၂ နှစ်အရွယ် သြစတြေးလျနိုင်ငံသား ရော့ဘ် ဘင်ဂျမင် မက်သယူးဟာ အမေရိကန်ခရီးသည် ဟိုဆေး မန်နျူယယ် ပိုလန်ကိုက ကြမ်းပေါ်ကိုင်ပေါက်ပြီး ခေါင်းနဲ့ ကိုယ်လုံးကို ထပ်ခါတလဲလဲ ကန်ကျောက်တာကို ခံရအပြီး ဆေးရုံတင်ပို့ခဲ့ရတယ်လို့ ရဲက ပြောပါတယ်။
ဒါပေမယ့် မက်သယူးဟာ ခေါင်းနဲ့ ခန္ဓာကိုယ်အထက်ပိုင်းမှာ အကြီးအကျယ် ဒဏ်ရာရခဲ့လို့ ဆေးရုံကိုရောက်အပြီးမှာ သေဆုံးခဲ့တာပါ။
ပိုလန်ကိုဟာ အစောပိုင်းမှာ ရန်ဖြစ်တဲ့နေရာကနေ ထွက်ပြေးခဲ့ပေမယ့် နောက်ပိုင်းမှာ ရဲစခန်းကိုလာပြီး အဖမ်းခံခဲ့ပါတယ်။
မက်သယူးဟာ အရက်မူးနေပြီး စားပွဲထိုးကို ရန်လိုနေခဲ့လို့ ပိုလန်ကိုက ဝင်တားခဲ့တာလို့ အခင်းဖြစ်နေရာက မျက်မြင်သက်သေတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ပိုလန်ကိုကို လူသေစေတဲ့အထိ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ တရားစွဲထားတယ်လို့ ရဲတွေက ပြောပြီး ဒီအမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။