ဆူးလေအနီး အဆောက်အအုံတခုတွင် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီ ချိတ်ဆွဲ
ကျော်ဇေယျာဝင်း
·
February 12, 2018
ရန်ကုန်မြို့လယ် ဆူးလေစေတီအနီးက ဆောက်လက်စ အဆောက်အအုံတခုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကို ဗီနိုင်းထုတ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့က ချိတ်ဆွဲခဲ့ပါတယ်။
အဲဒီလို ချိတ်ဆွဲတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ထောက်ခံသူတွေရှိသလို ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၁ ပင်လုံညီလာခံကနေ ဖက်ဒရယ်ပြည်ထောင်စုဆီကို သွားဖို့ ကြိုးပမ်းဆောင်ရွက်တာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကား ချိတ်ဆွဲရတာလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်တဦးဖြစ်တဲ့ ဒေါ်သန်းမြင့်အောင်က ဆိုပါတယ်။
အဲဒီပန်းချီကားကို ဆူးလေစေတီတော်အနီး ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိတဲ့ အဆောက်အအုံတခုမှာ ချိတ်ဆွဲထားတာလည်း ဖြစ်ပါတယ်။