A d v e r t i s e m e n t With Us

ရာနှင့်ချီသည့် တောင်ကိုရီးယားနိုင်ငံသားများ မြောက်ကိုရီးယားကို ဆန္ဒပြ

ရာနဲ့ချီတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေဟာ မြို့တော်ဆိုးလ်မှာ မြောက်ကိုရီးယား ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဆင်နွှဲပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံးက တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်းနဲ့ အစည်းအဝေး ကျင်းပနေချိန်မှာ ခုလို ဆန္ဒပြတာပါ။ သမ္မတ အိမ်ပြာတော်နဲ့ ၃ ကီလိုမီတာသာဝေးတဲ့ ဆိုးလ်မြို့လယ်မှာ ဆန္ဒပြသူတွေဟာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဓာတ်ပုံကို တက်နင်းခဲ့ပြီး မြောက်ကိုရီးယား ဆန့်ကျင်ရေး ဆောင်ပုဒ်တွေကို ဟစ်ကြွေးခဲ့ပါတယ်။ မွန်းကတော့ အိမ်ပြာတော်မှာ ကင်မ်ယိုဂျုံးအတွက် ဆွေးနွေးပွဲနဲ့ နေ့လယ်စာစားပွဲကို တည်ခင်းဧည့်ခံပါတယ်။ ကင်မ်ဟာ သူ့အကိုရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဖေဖော်ဝါရီ ၉ ရက်က တောင်ကိုရီးယား နိုင်ငံကို ရောက်လာတာပါ။ သူနဲ့အတူ တခြားမြောက်ကိုရီးယား အရာရှိတွေဟာ ပြုံချန်းမြို့မှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ကင်မ်ယိုဂျုံးဟာ မြောက်ကိုရီးယားရဲ့ ဝါဒဖြန့်ချိရေးနဲ့ အတွေးအခေါ် လှုပ်ရှားမှု ဗဟို အကြီးအကဲပါ။ ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲအပြီး နယ်စပ်ကို ဖြတ်ပြီး တောင်ကိုရီးယားကို လာတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်မျိုးဆက်ရဲ့ ပထမဆုံး မိသားစုဝင်လည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up