အအေးပိုကဲမှုနှင့်အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ လျော့ကျနိုင်ဟု မိုးဇလပြော
DVB
·
February 11, 2018
လာနီညာဖြစ်ပေါ်မှုတွေ နည်းနည်းလျော့သွားလို့ ဘင်္ဂလားပင်လယ်ပြင်မှာ မုန်တိုင်းတွေ ဖြစ်တာ၊ အအေးပိုတာနဲ့ အချိန်အခါမဟုတ် မိုးရွာတာတွေလည်း လျော့သွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်က ထုတ်ပြန်ချက်မှာ လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်းဟာ ၉၇ ရှိပြီး အခုတော့ ၈၇ ရာခိုင်နှုန်းရှိနေတာပါ။
အီကွေတာအနီး၊ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)ရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နဲ့ လေထုဖြစ်စဉ်တွေဟာ လာနီညာ အခြေအနေမှာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။
လာနီညာဖြစ်ပေါ်မှုခန့်မှန်းချက် သင်္ချာပုံစံမော်ဒယ်တွေအရ ဇန်နဝါရီလက မတ်လအထိ လာနီညာ ဖြစ်ပေါ်မှု ရာခိုင်နှုန်းဟာ ၈၇ ရာခိုင်နှုန်းအထိရှိနေပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီမှာ ၆ဝ ရာခိုင်နှုန်း၊ မတ်၊ ဧပြီ၊ မေမှာ ၄၃ ရာခိုင်နှုန်းကို ပြန်လည်လျော့ကျလာနိုင်တယ်လို့ နိုင်ငံတကာ ပစိဖိတ် သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင်အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနတွေက ထုတ်ပြန်ထားပါတယ်။
လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေမယ့် အကျိုးသက်ရောက်မှုကတော့ ယေဘုယျ အားဖြင့် ဆောင်းရာသီကာလ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေ ပိုဖြစ်နိုင်တာ၊ မြန်မာနိုင်ငံမှာ ညအပူချိန်လျော့နည်းပြီး အအေးပိုတာ၊ အရှေ့ဘက်က လေပွေလှိုင်းတွေ တိုက်ခတ်တာနဲ့ အချိန်အခါ မဟုတ် မိုးရွာသွန်းတာတွေ ပိုဖြစ်နိုင်တာပါ။