တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ကို အကြမ်းဖက်သူများမဟုတ်ကြောင်း ကြေညာ
DVB
·
February 11, 2018
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMPS) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဟာ အကြမ်းဖက်သူတွေမဟုတ်ကြောင်းနဲ့ မတရားအသင်းက ပယ်ဖျက်တယ်လို့ နိုင်ငံတော်သမ္မတက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အမိန့်အရ ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဒီအဖွဲ့တွေဟာ လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ သဘောတူထားတာ ဖြစ်ပါတယ်။
NMPS ဥက္ကဋ္ဌ နိုင်ထောမွန်နဲ့ LDU ဥက္ကဋ္ဌ ကြာခွန်ဆာတို့ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ဇန်နဝါရီ ၂၃ ရက် မနက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ပါ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံပြီး အန်စီအေ လက်မှတ်ရေးထိုးရေး ကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုတွေ အပြီးမှာ လက်မှတ်ရေးထိုးတော့မယ်လို့ တရားဝင် ထုတ်ပြန်ခဲ့တာပါ။ အန်စီအေ သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ပါဝင် လက်မှတ်ရေးထိုး ထားပြီး သူတို့ကိုလည်း လက်မှတ်မထိုးခင်မှာပဲ မတရားအသင်းက ပယ်ဖျက်ပေးခဲ့တာပါ။