A d v e r t i s e m e n t With Us

မက္ကဆီကို စာတိုက်တွင် သေတ္တာတွင်းထည့်ထားသည့် ကျားပေါက်လေး တွေ့ရှိ

သင်္ဘောကုန်စည်သေတ္တာထဲ အစာနဲ့ရေ မပါဘဲ ထိုးသိပ်ထည့်ထားတဲ့ ကျားပေါက်လေးတကောင်ကို မက်ဆီကိုနိုင်ငံ စာတိုက်မှာ ရှာတွေ့ခဲ့ပါတယ်။ အသက် ၂ လအရွယ် ဘင်္ဂလားကျားပေါက်လေးကို အခြားတိုင်းပြည်ကို စာတိုက်ကတဆင့် ပို့ဆောင်ဖို့ ပစ္စည်းတွေ အမျိုးအမည်ခွဲတဲ့ဌာနမှာ မက်ဆီကိုရဲပိုင် ရှာဖွေရေးခွေးကြီးတွေက တွေ့ခဲ့တာပါ။ ကျားပေါက်လေးကို တိပ်တွေနဲ့ ပိတ်ထားတဲ့ အပြာရောင် ကုန်စည်သေတ္တာထဲ သတင်းစာတွေပေါ် ထားပြီး မလှုပ်ရှားနိုင်အောင် မူးယစ်ဆေးဝါး တိုက်ကျွေးထားတယ်လို့ ဆိုပါတယ်။ မက်ဆီကိုမြို့ တလာကီပါကီးမြို့ စာတိုက်မှာ လေ့ကျင့်ထားတဲ့ ခွေးကြီးတွေ ပုံမှန်အတိုင်း စစ်ဆေးချိန် သေတ္တာထဲက လှုပ်ရှားမှုနဲ့ အသံတွေကို ကြားရလို့ သေတ္တာမှာ အပေါက် ဖောက်ထားတာကို ရဲအရာရှိတွေက သတိထားမိသွားတယ်လို့ ဆိုပါတယ်။ ရဲတွေ သေတ္တာကို ဖွင့်ချိန် အစားအသောက်နဲ့ ရေလုံးဝ မရှိတဲ့ ရေဓာတ်ခန်းခြောက်နေတဲ့ ကျားပေါက်လေးကို တွေ့ပြီး အမြန်ပဲ သိမ်းဆည်းခဲ့ပါတယ်။ ရှားပါးကျား ဖမ်းဆီးရရှိမှုက ဒီအပတ်ထဲမှာ တတိယအကြိမ်မြောက်လို့ ဖက်ဒရယ်ရဲတွေက ပြောလိုက်ပြီး ဒီအမှုကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။ ကျားပေါက်လေးကို အခုအချိန်မှာ မက်ဆီကိုနိုင်ငံ ပတ်ဝန်းကျင်နဲ့ သဘာဝအရင်းအမြစ် ဌာနမှာ ထိန်းသိမ်းထားပြီး ဒီအပတ်ထဲမှာ ဘင်္ဂလားကျားမတကောင်ကို ဝေဟာကာမြို့ ဇိုဇိုကော့တ်လန် စာပို့ကုမ္ပဏီမှာနဲ့ မက်ဆီကိုရဲ့ ချီဝါဝါးပြည်နယ် လမ်းတလမ်းပေါ်မှာ ဂျားဂွါးကျားသစ်တကောင်ကို လှောင်အိမ်နဲ့ လွှင့်ပစ်ထားတာလည်း တွေ့ခဲ့တယ်လို့  ဖေဖော်ဝါရီ ၉ ရက်နေ့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up