အထူးစီးပွားရေးဇုန်ကိစ္စ ချင်းတိုင်းရင်းသားများ မျှော်လင့်
အေးနိုင်
·
May 11, 2012
ချင်းပြည်နယ်သားတွေက အဘက်ဘက်က ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ သူတို့ပြည်နယ်မှာ အထူးစီးပွားရေးဇုန်တခု ပေါ်ပေါက်လာရေးအတွက် မျှော်လင့်နေကြပါတယ်။
ချင်းလက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရအကြား ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ချင်းအမျိုးသားတပ်ဦးက အထူးစီးပွားရေးဇုန်တခု ဖော်ဆောင်ဖို့ အစိုးရထံ တောင်းဆိုခဲ့တာကို ချင်းပြည်သူတွေက စိတ်ဝင်စားနေကြတာပါ။
ချင်းပြည်နယ် ဟားခါးမှာ နေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးဗန်လျှန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေလာပြီးတော့ အပစ်ရပ်သဘောတူသွားတဲ့ အပေါ်မှာ ချင်းပြည်သူတွေကရော ဘယ်လို သဘောထားရှိလဲ။
“ချင်းပြည်သူတွေကတော့ အေးချမ်းဖို့ကတော့ အားလုံးထောက်ခံတာပဲ။ ဒါပေမဲ့ အခုတော့ ချင်းပြည်နယ်မှာ အထူးစီးပွားရေးဇုန်ဖွင့်ဖြစ်ဖို့ ကိစ္စ ဘယ်လိုလာမလဲ ဆိုပြီးတော့ အဲဒါပဲ သူတို့ စောင့်မျှော်နေကြတယ်။ တကယ်လုပ်ဖြစ်မလား မလုပ်ဖြစ်ဘူးလား ဆိုတာကို။ သူတို့တောင်းဆိုတာကတော့ အထူးစီပွားရေးဇုန် ဖွင့်ပေးပါဆိုပြီးတော့ CNF အဖွဲ့က တောင်းဆိုတယ်လို့ ပြောတယ်။ ဒါဗဟိုက ဆုံးဖြတ်မယ်လို့ ပြောတော့ ဘယ်လို အဖြေထွက်လာမလဲဆိုတာကို ပြည်သူတွေက စောင့်မျှော်နေကြတယ်။”
CNF အဖွဲ့အပေါ်မှာ ချင်းပြည်သူတွေ သဘောထားကရော ဘယ်လိုရှိလဲ။ အထူးသဖြင့် ဦးလေးရဲ့ သဘောထားကရော ဘယ်လိုရှိလဲ။
“သဘောထားဆိုတာကတော့ ဒီလို တိုင်းပြည်အေးချမ်းဖို့ သူတို့ အစိုးရနဲ့ ဆွေးနွေးတာကိုတော့ ကျနော် အကောင်းယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို လက်နက်စွဲကိုင်ပြီးတော့ တိုက်ခိုက်နေတယ် ဆိုတာဟာ ချက်ချင်း တိုင်းပြည်အတွက်လည်း အကျိုးသိပ်မရဘူး။ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးဘက်ကိုပဲ ကျနော်ကတော့ ထောက်ခံတယ်။”
ဦးတို့ဆီမှာက အထူးစီးပွားရေးဇုန်ဆိုတဲ့ ဝေါဟာရက ဘယ်လောက်ထိအောင် ချင်းလူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြလဲ။ ဘယ်လောက်ထိအောင် မျှော်လင့်နေကြလဲ၊ ချင်းဒေသခံတွေကလေ။
“အထူးစီးပွားရေးဇုန်ဖွင့်မယ်ဆိုတာက ဘယ်လိုနည်းနဲ့ ဖွင့်မလဲဆိုပြီးတော့ ဖွင့်ဖူးတာလည်း မဟုတ်တဲ့အခါကျတော့ လူတွေက ဘယ်လိုမှ မစဉ်းစားတတ်ဘူး။ ကျနော်တို့ချင်းပြည်နယ်က မြန်မာပြည်တခုလုံးမှာ အဆင်းရဲဆုံး ဒေသဖြစ်နေတယ်။ UNDP (ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်)ရဲ့ တိုင်းတာချက်အရ အဆင်းရဲဆုံးဒေသက ချင်းပြည်နယ်၊ ဒုတိယက ရခိုင်ပြည်နယ် ဆိုတော့ ဘယ်လိုဟာမျိုးနဲ့ လုပ်ပေးမှ တိုးတက်မလဲဆိုတာ လုပ်ဖူးကိုင်ဖူးတာ မရှိတဲ့အခါကျတော့ ပြည်သူတွေက ဘာမှ သူတို့ဝေဖန်တတ်တာလည်း မရှိဘူး။ မျှော်လင့်တာပဲ မျှော်လင့်နေတယ်။ သူတို့ အရင်လေ့လာပြီးမှ ဘယ်လိုလုပ်ပေးသင့်တယ်ဆိုတဲ့ဟာ အဲဒါပြီးမှ ကျနော်တို့လည်း သုံးသပ်နိုင်မယ်လို့ အဲဒီလိုမျိုး ယူဆကြတယ်။”
ချင်းလူငယ်တော်တော်များများက မလေးရှားဘက်ကိုသွားတယ်။ နောက် နိုင်ငံခြားထွက်တယ်လို့ ကြားတယ်။ နောက်ပြီးတော့ စာတတ်မြောက်မှုနဲ့ ပတ်သက်လို့လည်း ချင်းက နည်းနည်းနိမ့်တယ်လို့ပြောတယ်။ အဲဒီတော့ အထူးစီးပွားရေးဇုန်တွေမှာ ချင်းလူထုက ဘယ်လို အခန်းကဏ္ဍကနေ ဝင်မယ်လို့ အန်ကယ် ထင်ပါသလဲ။
“အထူးစီးပွားရေးဇုန်ဖွင့်ရင် ဘာလုပ်မလဲ ဆိုတာ ကျနော်လည်း ဒါသေချာ ဘာမှ မသိရသေးဘူး။ ကျနော်တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်တော့ အခြေခံလုပ်ငန်းပဲ ပထမလုပ်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးက တရွာနဲ့တရွာ၊ မြို့ကနေရွာ အဆင်မပြေတဲ့အခါကျတော့ ဘာအထူးဇုန်ပဲ ဖွင့်ဖွင့် ဆက်သွယ်ရေး မကောင်းတော့ သိပ်လုပ်နိုင်ကိုင်နိုင်မှု ရှိမလားလို့ ကျနော် အဲဒါ စိုးရိမ်နေတယ်။ အခုထိ ဟားခါးမြို့တော်ကနေ ပလက်ဝမြို့အထိ ကားလမ်းမရှိသေးဘူး။ တမြို့နဲ့ တမြို့တောင်မှ ကားလမ်းမရှိသေးဘူး။ နောက် ပြီးတော့ ပလက်ဝဆိုတာကလည်း မင်းတပ်ခရိုင်မှာ။ မင်းတပ်မြို့နဲ့ ပလက်ဝ ဆက်သွယ်ရေးလမ်း မရှိသေးဘူး။ အခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ခရိုင်မှာ လက်မှတ်ထိုးရမယ်ဆိုတော့ ခြေလျင်နဲ့ပဲ ပလက်ဝကနေ မင်းတပ်သွားတုန်းပဲ။ အဲဒါကြောင့်မို့ အထူးဇုန်ဖွင့်ပေးမယ် ဆိုရင် ပထမဦးဆုံးကတော့ အခြေခံအဆောက်အအုံတွေ လုပ်ပေးဖို့ လိုမယ်လို့ ကျနော် အဲဒီလိုပဲ ယူဆတယ်။”
ချင်းလူငယ်တွေ နိုင်ငံခြားကို တော်တော်များများ သွားတယ်ဆိုတော့ အခု လူငယ်တွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ။
“လူငယ်တွေက အခု တော်တော်လေး အင်အားလျော့နေတယ်။ တချို့ရွာကလေးတွေဆိုရင် ဥပမာ သင်္ချိုင်းတူးဖို့လူတောင် မရှိဘဲနဲ့ တခြားရွာ အကူအညီတောင်းရတယ် ဆိုတာမျိုးတောင် ကျနော် ကြားနေရတယ်။ မသာရှိရင် သင်္ချိုင်းတူးဖို့က အခက်အခဲ ရှိနေတယ်။ အဲဒါကြောင့်မို့ လူငယ်တွေက အင်မတန်မှ လုပ်အား၊ အထူးဇုန်ဖွင့်ရင်လည်းပဲ လုပ်အားက တော်တော်လေး ခက်ခဲမယ်လို့ ကျနော် ယူဆတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ အထူးဇုန်ဖွင့်ပေးသည့်တိုင်အောင် အချိန်တော်တော်ကြာကြာတော့ အခက်အခဲ ရှိဦးမှာပဲ။”
ဦးတို့ဆီမှာ ပညာရေးတို့၊ ဆက်သွယ်ရေးတို့၊ ကျန်းမာရေး စောင့်ရှောက်မှုကရော ဘယ်လိုရှိလဲ။
“ကျန်းမာရေးစောင့်ရှောက်မှုကလည်း ဘာမှ အထူးတလည် စောင့်ရှောက်တာ မရှိပါဘူး။ နောက်ပြီးတော့ ပညာရေးဆိုတာကလည်း ချင်းပြည်နယ်ဆိုရင် တက္ကသိုလ်၊ ကောလိပ် တခုမှ မရှိဘူး။ အဲဒါကြောင့်မို့ လူငယ်တွေက ၁၀ တန်း အောင်လည်း မလေးရှားဘက် သွားပြီးတော့ တတိယ နိုင်ငံရောက်ဖို့ပဲ ကြိုးစားနေကြတယ်။ တတိယ နိုင်ငံရောက်ရင် တက္ကသိုလ်လည်း တက်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း သူတို့ ပါတယ်။”
အခု မြန်မာပြည်မှာ နိုင်ငံရေးပြောင်းလဲတယ်ဆိုပြီးတော့ တကမ္ဘာလုံးလိုလို ကနေပြီးတော့ ပြောနေတယ်ဆိုတော့။ ချင်းပြည်နယ်က ပြည်သူတွေကရော နိုင်ငံရေးမှာ ဘယ်လောက်စိတ်ဝင်စားလာကြလဲ။
“အခု နိုင်ငံရေးဆိုတာကတော့၊ လွတ်မြောက်မှု နိုင်ငံရေးဆိုတော့ အားလုံး စိတ်ဝင်စားကြပါတယ်။”
နိုင်ငံရေးပါတီတွေထဲကို ဝင်ရောက်ပြီးတော့ ဆောင်ရွက်တာတွေရော ချင်းပြည်နယ် ပြည်သူတွေကြားထဲမှာ တိုးလာတာ တွေ့ရလား။
“တိုးလာတယ်။ အခုကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်လည်ပြီး မှတ်ပုံတင်ပြီးရင်တော့ အခု လျှောက်လွှာတွေက ဝင်လာမစဲ တသဲသဲ ဖြစ်နေတယ်။ အခက်အခဲတခုကတော့ ဓာတ်ပုံကပ်ရမယ်ဆိုတော့ အဲဒီ့ ဓာတ်ပုံရိုက်ဖို့ပဲ သူတို့ အခက်အခဲ ကြုံတယ်။”
ဘာဖြစ်လို့ပါလဲ။
“အန်အယ်လ်ဒီပုံစံ ဖြည့်တဲ့နေရာမှာ ဓာတ်ပုံ ၂ ပုံ ကပ်ရမယ်။ ၁ ပုံကို အပိုထားပြီးတော့ အဲဒါ ဌာနချုပ် ပို့ရမယ်။ အဲဒါမှ ဌာနချုပ်က ပါတီဝင်ကတ်ပြား ထုတ်ပေးမယ်။ အဲဒါကြောင့်မို့ ကျေးရွာတွေက ပါတီဝင်ချင်ကြပေမယ့် အခု ဓာတ်ပုံရိုက်ဖို့ အခက်အခဲ ရှိတဲ့အခါကျတော့ ကျနော်တို့ မြို့ကပဲ လူလွှတ်ပြီးတော့ ကျေးရွာမှာ ဓာတ်ပုံရိုက် ပါတီမှတ်ပုံတင်ခိုင်း အဲဒီလို ကျနော်တို့ လုပ်နေတယ်။ ကျေးရွာတွေကတော့ အင်မတန်မှ ဒီ နိုင်ငံရေးမှာ စိတ်ဝင်စားနေကြတယ်။”